
ဖုန်းကို ပါဝါပိတ်လိုက်ပြီးနောက်မှာတော့ ကျမ အယ်ဗင်နဲ့ အပေါ်တက်ဖို့ လုပ်ပါတယ်။ အယ်ဗင် လျင်တာလောက်ကတော့ ကျမက အိပ်နေသလောက်ရှိပါတယ်။ သူဖုန်းတစ်ခုကို လှမ်းခေါ်ပြီး တရုတ်လိုပြောပါတယ်။ နားရည်ဝနေတဲ့ တရုတ်စကားရယ် အမူအရာ ဘာသာစကားရယ် ပေါင်းလိုက်ရင် သူဒီနေရာကပြေးဘို့ အကြံထုတ်နေပြီဆိုတာ ကျမသိတာပေါ့။ ထားလိုက်ပါ အဲဒါသူ့အပိုင်းလေ ကိုယ့်ကိစ္စက ကိုယ့်လုပ်မှ ကိုယ်အဆင်ပြေမှာလေ။
စာချုပ်ချုပ်ပြီးထဲက မရောက်ဖြစ်တဲ့ မစ္စတာအန်းရဲ့ဧည့်ခန်းကို ကြည့်ပြီး ကျမ စိတ်ဓါတ်မကျတော့ပဲ ဘယ်လိုနည်းနဲ့ အကောင်းဆုံးရှင်းထုတ် ရမလဲဆိုတာ စဉ်းစားပါတယ်။ ကျမကိုပြူးတူပြာတာ နဲ့တောင်းပန်တဲ့ မစ္စတာအန်းကို....... ငါနင့်ကိုစိတ်ဆိုးဖို့ လာတာမဟုတ်ဘူး......ကူညီပေးဖို့ပါလို့ ပြောလိုက်တယ်။ အယ်ဗင်ကတော့ ဖုန်းတွေတဂွမ်ဂွမ် လာနေပြီ ပွဲစားတွေရဲ့ ထုံးစံအတိုင်း ၁၀မိနစ်အတွင်းရောက်မယ် ဘာညာကွိကွ ကျမကြားလောက်အောင် အင်္ဂလိပ်ဘာသာစကား နဲ့ ပြောပါတယ်။ သူဒီနေရာက အမြန်ဆုံးလစ်ထွက်ဘို့ လုပ်နေတာ ကျမ မသိဟန်ဆောင်နေလိုက်တော့တယ်။
ဘဲလ်တီးသံကြားတော့ မလတ်လာပြီဆိုတာ ကျမသိလိုက်ပါတယ်။ အယ်ဗင်ကို ငါ့အစ်မလို့ပြောရင်း တံခါးဖွင့်ခိုင်းလိုက်ပါတယ်။ ကြိုးတွေအများကြီးသိုင်းထားတဲ့ ဒေါက်ဘိနပ် အနက်ရောင် ဂါဝန်ခရမ်းသီးရောင် ပေါင်လည်လောက် ကျမတို့အတော်ငယ်ငယ်က ၀တ်တဲ့ လက်မောင်းရင်းမှာဖေါင်းဖေါင်းလေး ကော်လာဝိုင်းဝိုင်းလေး နှစ်ထပ် ခါးမှာ ခါးပတ်အနက် ပြားလေးနဲ့ ခုခေတ်အခေါ် ကိုရီးယားဂါဝန်ပေါ့ ကျောလည်လောက် ဆံပင်ကောက်ကောက် ခွေခွေတွေ နဲ့ စတိုင်မလိုင်ပြည့် နေတဲ့ မလတ်ကို အယ်ဗင်က နင့်ညီမလား အစ်မလားလို့ မေးပါတယ်။ အစ်မလို့ ကျမတိုတိုတုတ်တုတ် ဖြေရင်းမလတ်က အယ်ဗင်ကို ပြုံးပြနှုတ်ဆက်ပြီး ကျမအနားကိုတဒေါက်ဒေါက်လျှောက်လာပါတယ်။ မလတ်က...... မမဘာတွေဘယ်လိုဖြစ်တာလဲ.... ဒီအိမ်က.... ဒီနေ့တက်ရမယ် အိမ်မဟုတ်လား..... လို့ ကျမကို လေပြေနဲ့မေးပါတယ်။ ကျမက.......ဟုတ်တယ်မလတ်...... အိမ်ပိုင်ရှင်ကသူပဲ.....လို့ မစ္စတာအန်းကို နဲ့ မိတ်ဆက်ပေးတော့ မလတ်ကလက်ဆွဲနူတ်ဆက်ပါတယ်။
ဟဆ တစ်အိမ်လုံးကိုဝေ့၀ိုက်ကြည့်ရင်း...... သူမသိမ်းနိုင်တာပေါ့ ဟုတ်လားမမ.... ငါအိမ်ပြောင်းပေးတဲ့ကုမ္ပဏီကို...... အခုဖုန်းဆက်ပေးမယ်.... ကားလူအပြီးအစည်း ၂၅၀လို့ ကျမကို မြန်မာလိုပြောပါတယ်။ ကျမက သူ့ကို လက်ဆွဲခေါ်သွားပြီး သတင်းစာတွေ အပြည့်နဲ့အခန်းကို အရင်ဖွင့်ပြပါတယ်။ မလတ်က အလွန်အမင်းအံ့သြလွန်းစွာ နဲ့ အဲဒါတွေ အဲဒါတွေလို့ စကားထစ်နေတုန်းမှာပဲ ဖရက်ဒီအခန်းကို ဖွင့်ပြလိုက်ပါတယ် နံရံပြည့်ပန်းချီကားကြီးကို ကြည့်ရင်း အရာအားလုံးကို ခံစားနားလည်မိတဲ့ ပုံနဲ့ ကျမတို့နောက်နားမှာရပ်နေတဲ့ မစ္စတာအန်းကို..... ဒီပုံဟာ နင့်ရဲ့ ဆွိဟတ်လို့ ငါယုံကြည်တယ်.... သူဟာ နင့်ဘ၀တစ်လျှောက်လုံး ကူညီပေးသူပဲ ခုချိန်ကစပြီးနင်စိတ်ချလက်ချနေပါတော့... သူကူညီပါလိမ့်မယ်....လို့ မလတ်ကပြောပါတယ်။ အယ်ဗင်ကကျမတို့ညီအမ နှစ်ယောက်ကိုကြည့်ရင်း မစ္စတာအန်းကို တရုတ်လိုပြောပါတယ်။ မစ္စတာအန်းကလဲစိတ်လို့ လက်ရခေါင်းငြိမ့်ပြန်ပြောပါတယ် ပြီးတော့လိုအပ်တာရှိရင် သူကို့ဖုန်းခေါ်နိုင်တယ်လို့ ပြောပြီး ကျမတို့ကိုနှုတ်ဆက်ပါတော့တယ်။ ကျမက မလတ်ကို အားနာစွာနဲ့ ဟုတ်တယ်မလတ် သူလိုအပ်တာ အလုပ်သမား မဟုတ်ဘူး အမေ၊ဇနီး၊သမီးလို မိန်းမတစ်ယောက် သူလိုအပ်နေတာ တို့နှစ်ယောက် ကူညီရအောင်လို့ပြောရင်း မစ္စတာအန်းကို ငါတို့ဟာ.... နင့်ရဲ့သမီးနှစ်ယောက်ပါပဲ..... နင့်ပစ္စည်းတွေအားလုံးကိုမပျောက်မရှနဲ့
စနစ်တကျ အားလုံးသိမ်းပေးမယ်... အဲဒီခုံမှာထိုင်ပြီး လိုချင်တဲ့ပုံစံကို သာအမိန့်ပေးပါလို့ .....ကျမတို့ပြောလိုက်တယ်ဆိုရင်မစ္စတာအန်းက မျက်ရည်ဝဲနေတဲ့ မျက်လုံးတစ်စုံနဲ့ ကျမတို့ညီအမကို ငေးကြည့်နေပါတယ်။ ကျမက မလတ်လက်ထဲက အင်္ကျီထုပ်ကိုယူလို့ ရေချိုးခန်းထဲမှာ ဝင်လဲလိုက်ပါတယ်။ မလတ်ကိုတော့ဘာမှပြောမနေတော့ပါဘူး... ကျမပြန်ထွက်လာတော့ မလတ်က ကြိုးသိုင်းဒေါက်ဘိနပ်မဟုတ်တော့ပဲ နောက်မှာသူ့ခြေထောက်နဲ့ လက်သုံးလုံးလောက်ပိုထွက်နေတဲ့ အကြမ်းစီး ဂျပန်ဘိနပ်ကြီးတစ်ရံ စီးထားပြီးနေပါပြီ။ ဧည့်ခန်းထဲမှာ အပြားလိုက်ပုံချထားတဲ့ ကပ်ထူပုံးတွေကို ကျမကတိတ်ခွေတစ်ခွေ ပေးပြီး...... ငါ့ကိုပုံးဖြစ်အောင်လုပ်ပေးပြီးရင် ပစ္စည်းထည့်ပြီးသားတွေ နင့်ဆီပြန်လာတွန်းပို့မယ် တိတ်နဲ့ အပေါ်အောက်သေချာပြန်ကပ်ပေးလို့ ကျမကပြောပါတယ်။ လောလောဆယ် ဧည့်ခန်းထဲမှာ သူဖြန့်ကျဲထားတဲ့ ဓါတ်ပုံစာအုပ်တွေနဲ့ ပန်းချီကားတွေကို စနစ်တကျတစ်ခုခြင်း သတင်းစာတွေနဲ့ပတ်ပြီး ကပ်ထူပုံးတွေထဲကို ကျမကထည့်ပါတယ်။ မစ္စတာအန်းက ကပ်ကျေးသေးသေးလေးနဲ့ ဆုံလည်ကုလားထိုင်လေးကနေ မလတ်ကို တိတ်တွေညှပ်ပေးပါတယ်။ ကပ်ထူပုံးကြီး သုံးပုံးပြည့်သွားတဲ့ အချိန်မှာတော့ ဧည့်ခန်းတစ်ခုလုံး ရှင်းလင်းသွားပါတော့တယ်။ မလိုအပ်တဲ့ အမိုက်တိုအမိုက်စတွေကို ကြွပ်ကြွပ်အိတ်ထဲထည့်ပါတယ်။
အချိန်ကိုက်ပဲ သတင်းစာဝယ်တဲ့သူတစ်ယောက်ကပွမ်ပွမ် နဲ့ အိမ်ရှေ့မှာအချက်ပေးသံကြား တဲ့အတွက် မလတ်ကထွက်ခေါ်ပါတယ်။ အဲဒီလူကို အခန်းဖွင့်ပြလိုက်တဲ့အချိန်မှာတော့ တအံ့တသြနဲ့ သူ့လူနှစ်ယောက်ကို ဖုန်းဆက်ခေါ်ပါတယ်။ မစ္စတာအန်းက သူလိုချင်တဲ့သတင်းစာ အစောင်နှစ်ဆယ်လောက် ကျမကိုကပ်ထူပုံးထဲထည် ခိုင်းပါတယ်။ ကျမပစ္စည်းတွေ သိမ်းနေတဲ့အချိန် မလတ်ကပုံးဆယ်ပုံးလောက် လုပ်ပြီးထားပါပြီ မစ္စတာအန်းကို လိုက်ကာတွေကော ယူသွားမှာလားလို့ မေးပါတယ်။ နင်တို့သုံးပါလို့ပြန်ဖြေတဲ့အတွက် တအိမ်လုံးက လိုက်ကာတွေကို ခုံနဲ့တက်ဖြုတ်ပြီး အဝတ်လျော်စက်ထဲကို ထည့်လျှော်ထားလိုက်ပါတယ်။
သတင်းစာတွေ ရှင်းသွားတဲ့အချိန်မှာတော့ နံရံကပ်ဘီဒိုကြီးတွေကို မြင်ရပါတော့တယ်။ မစ္စတာအန်းရဲ့ အင်္ကျီတွေ ယူနီ
ဖေါင်းတွေ ဦးထုပ်တွေ သူ့နေရာနဲ့သူ စီစီရီရီချိတ်ထားပြီး ဖုန်တွေ အလိမ်းလိမ်း တက်နေပါတော့တယ်။ သူဟာကျမကို အဝတ်အစားထည့်တဲ့ အကောင်းစား ခရီးဆောင်အိတ်ကြီးတစ်လုံး ကိုလက်ညိုးညွန်ပြတယ် ဆိုရင် ကျမက အင်္ကျီချိတ်တွေအတိုင်း အလယ်က ခေါက်ချိုးချိုးချလိုက်ပြီး ခရီးဆောင် အိတ်ကြီးထဲကိုထည့်ပါတယ်။ ဗီဒိုအံ့ဆွဲတွေအပြည့် တိုလီမိုလီတွေကိုတော့ စက္ကူပုံးထဲကိုထည့်ပြီး မလတ်တို့ဆီကို အရောက်တွန်းပို့ရပါတယ်။ ၁၂နာရီကျော်လောက် မှာတော့ မလတ်က နေ့လည်စာစားချိန် လို့အော်ပါတော့တယ် အမှိုက်ထုတ်တွေကလဲ အထုတ် ပေါင်းများစွာဖြစ်နေပါပြီ။ မလတ်က.... ငါတစ်ခုခုဆင်းဝယ်မယ်.... ပြီးရင်အောက်မှာ အလုပ်သမား....ကုလားနှစ်ယောက်ရှာခဲ့မယ်လို့ပြောပြီး ဂျပန်ဘိနပ်ကြီးနဲ့ပဲ ဆင်းသွားပါတယ်။ ၁ဝမိနစ်လောက်ကြာတော့
ဘင်္ဂလားနှစ်ယောက်နဲ့ မလတ်စားစရာတွေ နဲ့ပြန်ရောက်လာတယ်ဆို မစ္စတာအန်းကို လေးထောင့် စားပွဲလေးပေါ်မှာ နေ့လည်စာပြင်ဆင်ပေးပါတယ် ကြက်သားဆန်ပြုတ် နဲ့ သောက်ရေတစ်ခွက်ပါပဲ ကျမတို့ညီအမ ဘူးဖွင့်ပြီး ဒီအတိုင်းစားပါတယ်။ အမှိုက်ထုပ်တွေ ကို အလုပ်သမားနှစ်ယောက်ကို အောက်မှာလွှင့်ပစ်ခိုင်းရင် ပြန်တက်ခဲ့ဦး အများကြီးရှိသေးတယ်လို့ ပြောပါတယ်။ သတင်းစာတွေရှိတဲ့ အခန်းက စားပွဲအဟောင်းနှစ်လုံး ကုလားထိုင်နဲ့ ဖြုတ်ပြီး သိမ်းထားတဲ့ တစ်ယောက်အိပ်ကုတင်နဲ့ မွေ့ယာခေါင်းအုံးအဟောင်းတွေ အလုပ်သမားနှစ်ယောက်ကို သယ်သွားခိုင်းတဲ့ အချိန်မှာတော့ အခန်းထဲမှာ နံရံကပ်ဘီဒိုနဲ့စာကြည့်စားပွဲ တစ်လုံးပဲကျန်ပါတော့တယ်။
အဲဒီအခန်းထဲက အမှိုက်တွေ ထဲမှာ သူအသက်၂၀လောက်ကတည်းက အပတ်စဉ်ထိုးထားတဲ့ ဖိုးဒီ၊ တိုတိုနဲ့ ထီလက်မှတ်တွေကို စနစ်တကျ တစ်နှစ်စာစီ သားရေပင်တွေနဲ့စီးထားတဲ့ အထုတ်ပေါင်းများစွာတွေ့ ရပါသေးတယ်။ ဧည့်ခန်းထဲက ဆိုဖါအနက်ကြီး တီဗီ အဟောင်းကြီးနဲ့ ခုံအဟာင်းတွေကိုလည်း အလုပ်သမားနှစ်ယောက်ကို ပစ်ခိုင်းလိုက်ပါတယ်။ ဖရက်ဒီအခန်းကတော့ နံရံကပ်ဘီဒိုထဲက အ၀တ်အစားတွေကို ခုနကပုံစံ အတိုင်းသိမ်း စီဒီချပ်တွေနဲ့ တိုလီမိုလီတွေကို စက္ကူပုံးတွေနဲ့ သိမ်းပေးလိုက်ပါတယ်။ ကားပစ္စည်းတွေများပါတယ်။ ပုံးထဲကိုပစ္စည်းတွေပြည့်တာ နဲ့ကျမက စာအုပ် အင်္ကျီ စီဒီချပ် တိုလီမိုလီ လို့ အမျိုးအစားလိုက် ပစ္စည်းပုံးကြီးကို ဧည့်ခန်းရောက်တဲ့အထိ အော်ရင်းတွန်းပို့ရပါတယ် ကျမအော်တာကို မလတ်က တဆင့်ပြန်အော်ရင်း မစ္စတာအန်းကိုသူ့လက်ရေးနဲ့ မှတ်ခိုင်းပါတယ်။ အခန်း၂ခန်းရှင်းလို့ပြီးသွားတဲ့ အချိန်မှာ ကျမအတော်မောနေပါပြီ။ ဘေးအိမ်က အဒေါ်ကြီးနှစ်ယောက်ရောက်လာပြီး ကျမတို့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပါတယ်။ အဒေါ်ကြီးတစ်ယောက်က ကျမတို့ကို အမိုက်အိတ်အမည်တွေ အထုပ်ကြီးတထုပ်ဝယ်ပြီးပြန်လာပို့သလို တခြားအဒေါ်ကြီးတယောက်က ပေါက်စီပူပူနွေးနွေးတွေ တစ်ထုပ်ကြီးလာပို့ပါတယ်။ ငါ့တို့ သူ့အကြောင်းစဉ်းစားရင် အိပ်လို့မရဘူး ဘယ်လိုကူညီပေးရမှန်းလဲမသိဘူး ကျေးဇူးတင်ပါတယ်လို့ စိတ်လိုလက်ရ ထပ်ပြောပါတယ်။ ကျမခေါင်းမှာပေါင်းထားတဲ့ မျက်နှာသုတ်ပုဝါက ညစ်ပတ်ပေရေနေသလို ကျမတစ်ကိုယ်လုံးလဲ ဖုန်အလိမ်းလိမ်းနဲ့မြင်လို့ မကောင်းတော့ပါဘူး။ သူ့အမျိုးသမီးနေခဲ့တဲ့ အခန်းထဲကိုတော့ ကျမတို့သုံးယောက်စလုံးဝင်ပါတယ် မလတ်ကတော့ စတင်စပ်စုတော့တာပဲ တစ်နှစ်နီးပါး လူမမာတစ်ယောက်နေသွားတဲ့ အခန်းက အခုရှစ်နှစ်နီးပါးရှိနေတာတောင် လူမမာနံက ရနေတုန်းပါပဲ အသဲကင်ဆာလို့သိပြီး ကိုးလကြာတဲ့အချိန်မှာ ဒီအခန်းလေး မှာသေဆုံးသွားတယ်လို့ သူပြောပါတယ် ကွယ်လွန်ချိန်မှာ အသက်လေးဆယ့်နှစ်နှစ် ပဲရှိပါသေးတယ်တဲ့။ သူ့နဲ့ သူ့သားလေးအပေါ်မှာ အလွန်ကိုတာဝန်ကျေ ချစ်မြတ်နိုးပြီး သိပ်ကိုချောမောလှပတဲ့ လိမ္မာတဲ့ ဇနီးတစ်ယောက်လို့ သူဆိုပါတယ်။
သူသေဆုံးသွားတဲ့အချိန်ကစလို့ မစ္စတာအန်းက အလုပ်ကနေထွက်လိုက်ပါတယ်တဲ့။. အစိုးရအရာရှိကြီးတစ်ဦးဖြစ်ပြီး အခု အလွတ်သဘောမျိုးအလုပ်တွေ လက်ခံလုပ်ပေးနေတုန်းလို့ ဆိုပါတယ်။ သူမ မရှိတော့တဲ့အချိန်ကစပြီး ဒီအိမ်ကြီးကို ဘယ်လိုထိမ်းသိမ်းရမယ် ဒီပစ္စည်းတွေကို
ဘယ်လိုကိုင်တွယ်စောင့်ရှောက် ရမယ်သူမသိပါဘူးတဲ့....အထက်တန်းကျောင်းသူ ဘဝတည်းက
သူနဲ့ရင်းနှီးခဲ့တဲ့ သူရဲ့ငယ်ချစ်ဖြစ်ပါတယ်တဲ့။ သူ့သားလေးတစ်ဆယ့် နှစ်နှစ်သားမှာ သေဆုံးသွားတာဖြစ်တယ်လို့ စီးကျလာတဲ့မျက်ရည်တွေသုတ်ရင်း ကြေကွဲစွာ ပြောပြပါတယ်။
ကျမကတော့ မလတ်လာပေးတဲ့စက္ကူပုံးတွေထဲကို ပစ္စည်းတွေကို တစ်ခုမကျန်အောင်ဂရုတစိုက် သတိထားပြီးထည့်ပါတယ်။ ကလစ်တွေ မိတ်ကပ်ဘူးတွေ ရေမွေးပုလင်းတွေနဲ့ တိုလီမိုလီတွေကတစ်ပုံး အကျီတွေခါးပတ်တွေက တစ်ပုံး ဆေးတွေအားလုံးကိုတော့ မစ္စတာအန်းကလွင့်ပစ်ခိုင်းပါတယ်။
မှန်တင်ခုံကြီးကိုတော့ အပြင်ကိုတွန်းပို့ထားပါတယ်
ဆေးထည့်တဲ့ အံ့ဆွဲအဆင့်ဆင့် ဖိုင်ဘာအံဆွဲကြီးနှစ်ခုကိုလဲ အပြင်တွန်းပို့ထားလိုက်ပါတယ်။
နံရံကပ်ပန်ကာကြီးကို အစွမ်းကုန်ဖွင့် တံခါးပေါက်တွေဖွင့်ပြီး အခန်းဖျန်းဆေးတွေ တရှူးရှူးလိုက်ဖြန်းရင် မမ ရေ.....ဘယ်လိုမှဖြတ်မရတဲ့ သံယောဇဉ်ကြိုးကို နင်ကဖြတ်ဖို့လုပ်တာ
နင်တရားခံပဲလို့ ပြုံးပြီးပြောပါတယ်။ သေချာတယ် နင်အိမ်က သရဲခြောက်သည် ဆိုသောအိမ်ကြီးပဲ မကြာမှီ..လာမည်..မျှော်ပဲ ဟိဟိလို့ အရည်မရ အဖတ်မရတွေ လျှောက်ပြောနေတဲ့မလတ်ကို ရော့ရော့ နောက်တစ်ပုံးလို့တွန်းပို့ ရင်း မလတ် အန်တီတို့ကိုပြောလို့မဖြစ်ဘူးနော် ကိုယ်ကျိုးနည်းကုန်လိမ့်မယ်လို့ ကျမကပြောတော့ ငါတို့ပြောစရာမလိုဘူး သူတို့ပြောတာနားထောင်ရမယ်လို့ မလတ် ပြောပါတယ်။ အခန်းသုံးခန်းပြီးတဲ့အချိန်မှာ အိမ်ရှေ့မင်းလမ်းနဲဧည့်ခန်းတခုလုံး ပုံးပေါင်း သုံးဆယ်ကျော်နေပါပြီ။ မီးဖိုချောင်က ကွဲစရာစ္စည်းတွေ အားလုံးကိုမလတ်က သတင်းစာတွေပတ်ပြီးထည့်ပါတယ် အိုးတွေခွက်တွေ နဲ့တင် စက္ကူပုံးကြီးလေးပုံးရပါတယ်။ ကျမကတော့ မလိုဘူးထင်တာတွေ အားလုံးကြွပ်ကြွပ်အိတ်တွေ ထဲထည့်ပြီးအမှိုက်ပစ်ပေါက်ကနေ ပစ်ချပါတယ် အချည်ရည်ထုတ် တစ်သျှူးထုတ် တခါသုံးဘူးတွေ ရေသန့်ဘူးအဟောင်းနဲ့ ပလပ်စတစ်ဘူးဟောင်း ကြက်ဥကဒ်တွေအားလုံး ပါပဲ။ နံရံကပ်ဘီဒိုတွေထဲက မုန့်ပုံးတွေကို မလတ်ကခုံနဲ့တက်ပြီး ချပေးပါတယ်။
မစ္စတာအန်းက အမှိုက်ပစ်အနက် အိတ်ကြီးထဲ အကုန်လွှင့်ပစ်ဖို့ထည့်တယ်ဆိုရင် မလတ်ကနှမြောစွာ မလွှင့်ပစ်ပါနဲ့ လို့ပြောပြီးခုံပေါ်ကဆင်းလာပြီးကြည့်ပါတယ် တန်ဖိုးကြီးမုန့်ဘူးတွေ အား ရက်ကျော်နေတာ ငါးနှစ်နီးပါးရှိနေတာကို အံ့သြလွန်းစွာ တွေ့ရပါတယ်။ အခုန ထမင်းစားရင်း ဖေါက်သောက်ခဲ့တဲ့ ဧည့်ခန်းထဲက ရေသန့်ဘူးခွံကို ကိုင်ပြီး သေသေချာချာကြည့်တော့ ရက်လွန်နေတာ ငါးနှစ်နီးပါး ရှိနေပါတော့တယ်ရှင်။ ရေခဲသေတ္တာထဲက အသားငါးတွေအားလုံ ငါးနှစ်နီးပါး ရက်လွန်နေပါပြီ။ အားလုံးကိုမစ္စတာအန်းကိုပြရင်း အမှိုက်ပစ်ပေါက်က ပစ်ချတာကျမလက်မောင်း တွေအောင့်နေပါပြီ။ ငါးနာရီမှာတော့စတိုခန်းထဲက ပါကင်ပုံးတွေအတိုင်း
အကုန်ထုတ်ဘူးခွံတွေအားလုံးလွှင့်ပစ်ပါတယ်။ အလုပ်သမားနှစ်ယောက်လံုံး အားတိုင်း အမှိုက်တက်တက်သယ်တာ အမောဖေါက်လုနေပါပြီ။ ငါးနာရီကျော်ကျော် မှာတော့ အမျိုးသမီးကြီးတစ်ယောက် တက်လာပါတယ် မစ္စတာအန်းရဲ့နှမဖြစ်ပါတယ် ထုံးစံအတိုင်းကျမတို့ကို ကျေးဇူးတင်စကားပြောပြီး သူဘယ်လိုမှမကူညီနိုင်
ခွင့်လွတ်ဖို့ပြောပါတယ်။ ဖုန်းဆက်ပြီးကားခေါ်တော့ နာရီဝက်လောက်အကြာ မှာအလုပ်သမားငါးဦးနဲ့ ထော်လီလေးစင်း ရောက်လာပြီး ကျမတို့ထုပ်ပိုးထားတဲ့ ပုံးတွေကို တိတ်အဝါကြီးတွေနဲ့ တဖြန်းဖြန်း ထပ်ကပ် လက်ဆင့်ကမ်းပြီး ထော်လီတွေပေါ်ဆွဲတင်သွားတာ နာရီဝက်လောက်မှာအားလုံးပြီး သွားပါတော့တယ်။ မစ္စတာအန်း နဲ့သူ့ညီမကို မလတ်က ပန်းချီကားကြီးဖြုတ်ဖို့ သတိပေးတယ်ဆို အဲဒီပန်းချီကားကြီးကို ကျမတို့အကူအညီနဲ့ ဖြုတ်ချပြီး တယုတယ သယ်ဆောင်ရင် ကျမတို့ညီအမကို နှုတ်ဆက်လက်ပြသွားပါတော့တယ်။ ကျမတို့ သန့်ရှင်းရေးခေါ်ထားတဲ့ မြန်မာအမျိုးသမီး ၂ဦးယောက်လာတဲ့အချိန်မှာတော့ ကျမ မလှုပ်နိုင်တော့ပါဘူး။ ညနေခြောက်နာရီခွဲမှာ အန်တီတို့ကားရောက်မယ်။ ကျမရေမိုးချိုးပြီးတဲ့ အချိန်မှာတော့ ပစ္စည်းတွေနဲ့အိမ်ပြောင်းလာတဲ့ အန်တီတို့က အိမ်ကြီးက ကောင်းလိုက်တာ နေရာကလဲရှယ်ပဲ အန်တီဈေးဝယ်တိုင်းငေးရတာ ဒီတိုက်ကြီးပေါ့ ကျေးဇူးတင်လိုက်တာလို့ပြောတဲ့ အသံကြားတဲ့အချိန်မှာတော့ ကျမနဲ့မလတ် အိတ်ဆွဲပြီးပြေးဖို့လုပ်ပါတော့တယ်။ အန်တီညကြမှ အေးဆေးပြန်လာမယ် သော့အပ်ပြီး နောက်လှည့်မကြည့်တော့တဲ့ကျမ အိမ်ရောက်တာနဲ့ ပန်နဒေါလ် နှစ်လုံးသောက်ချပြီး အိပ်လိုက်တာ....... မမ....မမ.... ထထ....ထထ ပြဿနာတွေ တော့ အလုံးလိုက်တက်ကုန်ပြီ.....ဆိုတဲ့ မလတ်အသံကြောင့် အိပ်ချင်မူးတူးနဲ့ကျမ လူးလဲထပြီး နာရီကြည့်တော့ နာရီပြန် ၁ချက် ရှိနေပါပြီ။
ဆက်ရန်

