skip to main |
skip to sidebar
ဟိုး..........လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ၁၄ရက် လက်ဆောင်အဖြစ်
အလှဆုံးမဟုတ်တောင် ဒီဘ၀ရဲ့ ဇာတ်ဆုံးခန်းထိ...... ပါဝင်ခွင့်တော့ ရချင်တယ်ချစ်သူ
မထားခဲ့ ပါနဲ့ ထွက်မသွားပါနဲ့ ..... မမုန်းပါနဲ့ 
တားဆီးလို့ မရတဲ့ အရာတွေကို ရှောင်ဖယ်မထွက်ပဲ.....
တံခါးဖွင့် ကြိုဆိုမယ်လို့ ဆုံးဖြတ်ချက်လဲ တူခဲ့ပါရက်နဲ့ ....
မလှပတဲ့ အနာဂါတ်တစ်ခုမှာ.... ကမ္ဘာကြီးရဲ့ အရှေ့ ခြမ်းနဲ့ အနောက်ခြမ်း
လှမ်းလွန်းတဲ့ နေရာတွေမှာ.......
ဆက်လက်ရှင်သန်ခွင့်ကို ဘယ်အရာတွေကများ
တို့ နှစ်ဦးကို ပေးသနားခဲ့တာပါလိမ့်...
ငယ်ငယ်ကဖတ်တဲ့ ဝတ္တုစာ.....ရင်ထဲမှာ .... ဒီနေ့ အထိစွဲနေခဲ့ တာမို့ 
မောင်ရင်မောင်နဲ့ မမယ်မတို့ လို... တို့ နှစ်ဦးရင်မှာ မေတ္တာစစ်လို့ 
ဖူးစာမှန်မယ်ဆိုရင်တော့ ....အားမလျော့နဲ့ ချစ်သူ....
သူတို့ လိုပဲ... ခုနှစ်နှစ်အကြာမှာ ပေါင်းဖက်ခွင့်ကိုရကိုရ..
ရမှာလို့ တည်ကြည်တဲ့ စကားသံ နားထဲမှာ လျှံနေတုန်းပါ....
ခုတော့ဖြင့်... ဆယ်စုနှစ်ကိုတိုင်ခဲ့ ပြီ...
မနေ့ တစ်ည....အိပ်မရတဲ့ အဆုံး....
တို့ နှစ်ယောက်ရဲ့ဇာတ်ဝင်ခန်းကို အစအဆုံး ပြန်တမ်းတတော့....
ဘယ်လိုမှမေ့ ဖျောက်လို့ မရတဲ့ 
အမှတ်တရလေးတစ်ခုကို.....လွမ်းလွမ်းဆွတ်ဆွတ် ပြန်တွေးမိတယ်ချစ်သူ...
အပြောင်အနောက်သန်တဲ့  နင့်ချစ်သူအလောင်းအလျာ ငါကိုယ်တိုင်နောက်ခဲ့တာ
အတူကြုံခဲ့ရတဲ့ ချစ်သူများနေ့ တစ်ရက်.....ဖေဖေါ်ဝါရီ ၁၄ရက်မှာ.....
တစ်သက်တာအမှတ်တရ....
နင်သိပ်ကြိုက်မဲ့ ကတ္တီပါဖိနပ်လေးတစ်ရံ....
လူမသိ သူမသိ နင့်ဆီရောက်အောင်ပို့ ပေးခဲ့တာ....
ဆန့် ကျင်ဖက်အဖြစ်... ခြံကထွက်တဲ့ သဇင်ပန်းခက်လေးနှစ်ခက်.....
ပြောင်နောက်နောက်နဲ့  ထည့်ပေးလိုက်သေးတယ်လေ......
ကဗျာဆန်တဲ့ အရာတွေနဲ့..... နင့်ကိုပြုစားခဲ့ တဲ့ ဖိနပ်လေးနှစ်ဖက်
နင်စီးတဲ့ နံပါတ်မှန်ပါရဲ့...... ဘယ်လိုစီးခွင့်မကြုံတဲ့ နင်...
ကတ္တီပါ...... အပြာတစ်ဖက်.. နီညိုတစ်ဖက်ကိုင်လို့ 
ခင်..နင်ကလွဲလို့ ဒီအလုပ်မျိုး..ငါ့ ပတ်ဝန်းကျင်မှာလုပ်မဲ့ လူမရှိဆိုတဲ့ .....
တိကျတဲ့ နင်ရဲ့ စွပ်စွဲချက်....
အတည်ပေါက်နဲ့ ငါ နင့်ကိုငြင်းခဲ့ တာဆယ်စုနှစ်ကိုတိုင်ခဲ့ ပြီ.......................။
သူ့ တို့ ကိုခွဲခဲ့ လို့ များလား.. သူတို့ ကို လွဲစေ ခဲ့ လို့ များလား မရေရာတဲ့ အတွေးတွေနဲ့ 
ချာလည်..လည်ရင်း ချစ်သူများနေ့ ရောက်လာပြန်တော့မယ်.......။
မမ
ကျမတို့ ငယ်ငယ်ထဲက.. တကယ်ပြောမယ်ဆို.....ကျမတို့ မမွေးခင်ထဲက အိမ်မှာနေတာပါ..... သူနာမည်က မကြင်သန်းတဲ့......
တကယ်ဆို.... ကျမတို့ အားလုံးနှုတ်ကျိုးနေလို့ သာ..... ကျမတို့ ခေါ်ရမှာဒေါ်ကြီးပေါ့ ....... နောက်ပိုင်း အရွယ်ရလာတော့ ကျမတို့ အသိစိတ်နဲ့ ပြောင်းခေါ်ခဲ့ ကြတယ် ။ ကျမနဲ့ သူနဲ့ အားလုံးထက် ပိုရင်းနှီးတယ် ။ ကျမပြန်တိုင်း သူငိုတယ်
စကားမစပ် မနှစ်က ကျမ မနက်အစောကြီး ပြန်ရတော့မယ်ဆိုတော့ သူနဲ့ ကျမ ညဖက်မှာ အိမ်ကခိုးထွက်ကြတယ်.....
လက သာနေတယ် မှတ်မှတ်ရရ ဒီဇင်ဘာ-၂၈- ရက် ည -၁၂ - နာရီလောက်ပေါ့ .......။ ကျမနဲ့ သူကသူခိုးလုပ်နေကျ ရိုးနေပြီ... အမေက ဘာလုပ်လုပ်တစ်နေ့ သက်သေဆိုတာ ရှိရတယ်တဲ့ ...။ သူဟာကျမရဲ့ ဘ၀ တစ်လျှောက်လုံး သက်သေဆိုရင် လုံးဝမမှားဘူး...........................။
အမေကသူ့ ကိုကြည့် မရဘူး.. ထားပါ... ။ ကျမတို့ အိမ်ကထွက်လာပြီး ဘယ်သွားရမှန်းမသိဘူး.........။ တစ်လမ်းလုံးလဲ တိတ်ဆိတ်နေပြီ... ဒေါ်ကြီးက ပွဲဈေးရှိတယ်တဲ့ ဟုတ်လား သွားရအောင်လို့ ၀မ်းသာအားရ ကျမပြောတော့.. မိုးကောင်းဘုရားပွဲတဲ့ ........ ကျမ ဒေါ်ကြီးကိုသေချာကြည့်တယ်။
တော်တော်နွမ်းနွမ်း ပါတိတ်ထမီ.. ရင်ဖုံးအင်္ကျီအရိပ်ပန်းလို့ ခေါ်တဲ့ ပိတ်စနဲ့ ချုပ်တဲ့ ခပ်နွမ်းနွမ်းပဲ ။ သူအမြဲ ကိုင်တာ ပလပ်စတစ်ခြင်းဟောင်းကြီး.......... ။ အဲဒီမှာသူ့ ရဲ့  တိုလီမိုလီတွေ အကုန်ပါတယ် ။ တစ်ခုခု ခိုးလုပ်ပြီးတိုင်း အခြေအနေမဟန်ရင်သူခြင်းကိုဆွဲပြီး.. လစ်ရော.. ။ အမေကသူ့ ကို အရမ်းဆူတာလေ....။
ဟား...ဟား.. အဲဒီအချိန်မှာကျမ.. ဒေါ်ကြီးလိုဝတ်ချင်တယ်... ။ ကျမက ရုပ်ခံလေးနဲနဲ..ရှိတယ် ။ မယုံရင်တော့လဲ မတတ်နိုင်ဘူး.. ။ ကျမ အဲဒီတုန်းက တီရှပ်အနက်နဲ့ ခြေမျက်စေ့ ထိရှည်တဲ့ စကဒ်အရှည်နဲ့ ... ။ ဒေါ်ကြီး အင်္ကျီမပါဘူးလား ကျမချမ်းလို့ ဆိုတော့ ဖလန်ထည်အပြာကွက်..... အနွေးထည်ပုံစံမျိုး ဘေးမှာအိပ်နှစ်ဖက် ကော်လာက ၀ိုင်းဝိုင်းလေး ဟောင်းတာမှ လက်ဖျားတွေ ချုပ်ရိုးပြုတ်ပြီး ဖတ်လပ်ဖြစ်နေတယ်..........။
ကျမ၀တ်ပြီး ကြယ်သီး အစေ့တပ်လိုက်တယ်........။ ဒေါ်ကြီးရဲ့ သရက်ထည် ထမီအနက်ရောင်ပေါ်မှာ အုတ်ကျိုးရောင် အပွင့်အကြီး အခက်ကြီးတွေ တပတ်နွမ်း ဒေါ်ကြီး ၀တ်နေကျပဲ......။ အဲဒါနဲ့ စကဒ်ကိုချိန်းလိုက်တယ်... ။ ဟား......ဟား...... ဘယ်နေရာမှာ အဲလိုတွေလုပ်နေလဲလို့ မယုံရင်သွားကြည့် ကမ္ဘာအေးဘုရားလမ်း နတ်မောက်လမ်းသွယ်လေးတွေထဲမှာ မှောင်လိုက်တာပိန်းလို့ လရောင်တော့ ရှိပါ့.......။
အနွေးထည် အောက်က ထွက်နေတဲ့ တီရှပ်အောက်ဖျားကို ထမိန်ထဲထည့်ဝတ်ပြီး ၊ ဆံပင်ရှည်တွေကို ကလစ်နဲ့ ခေါက်တင် ၊ ကျမလွယ်လာတဲ့ ပိုက်ဆံအိတ်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ပြီး ဒေါ်ကြီး ခြင်းထဲကိုထည့် ပြီး ကျမခြင်းကို ဆွဲလိုက်တယ်..... မိုက်လိုက်တဲ့ စတိုင်...။
ပွဲဈေးကို ရန်ကင်းစင်တာရှေ့က ကားငှါးတယ် ။ ကားသမားက ပေစုတ်စုတ်နဲ့ ကျမတို့ နှစ်ယောက်ကို
ကြည့်တယ်.. ။ မိုးကောင်းဘုရားပွဲ ပျောက်နေလို့ ဘယ်လောက် ပေးရမလဲဆိုတော့.. နီးနီးလေး ဘယ်လို ဘယ်လိုသွားလို့ ပြန်ပြောတယ်....။
ကျမတို့ ရှာနေတာ ကြာနေပြီ....... ပို့ ပေးပါ.. ဆိုတော့ ၁၅၀၀ တဲ့ ။ ၁၀၀၀ ပဲယူပါ ပိုက်ဆံပေါလို့ မဟုတ်ဘူး ။ လမ်းပျောက်လို့ ပါဆိုတော့...... တက်တက်တဲ့ ..........။ ကားသမား စပ်စုတာတွေမဆုံးခင်ပဲ ဘုရားပွဲကိုရောက်လာတယ်......။ ကျမအကြိုက်ဒုတ်ထိုးဆိုင်မှာ ၀င်ထိုင်တယ် မီးအရှိန်နဲ့ ဟင်းရည်က အငွေ့ တစ်ထောင်းထောင်းပဲ... အဲဒီမှာ ကျမကလုပ်နေကျ အတိုင်း ဒုတ်ထိုးတွေ အူမကြီးတွေချည်းပဲ .... ကျမကြိုက်တာတွေကောက်ပြီး ပူနေတဲ့ ဟင်းရည် နေရာကိုထည့်တယ် ..။
ပြီးတော့ ကျမကိုပန်းကန် ထဲထည့်ပေးပါနော် ဆိုတော့ ပန်းကန်မရှိဘူးတဲ့ .... ။ ဘုရားရေ... ကျမကို ဆက်ပြောသေးတယ်.. ယူထားတာတွေ အကုန်လုံး ၅၀တန်တွေတဲ့ ဒီမှာတင်၂၀၀၀ဘိုးလောက် ရှိနေပြီတဲ့ ။
ကျမတစ်ကိုယ်လုံး မတ်ခနဲ တစ်ချက်ဖြစ်သွားတယ်...... ကျမထိုင်နေတဲ့ ခုံလေးက လှုပ်နေလို့ ခုံကိုနေရာပြင်လိုက်တဲ့ အချိန်မှာ ကျမ၀တ်ထားတဲ့ သရက်ထည်ထမိန်က ပန်းခက်ကြီးတွေက ကျမကို
ပြုံးပြနေတာကို တွေ့ လိုက်ရတယ်... ။:P
ကျမ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း အမကြီး မပူနဲ့ ကျမတို့ အိမ်ရှင်က ဘောနပ်စ် ထုတ်ပေးလိုက်လို့ ကျမမှာ တစ်သောင်းကျော်ပါတယ် ၊ တစ်နှစ်လုံး ကျွန်ခံထားတာ (စင်္ကာပူနိုင်ငံကြီးကို မြင်ယောင်ရင်း) ၀က်သားဒုတ်ထိုး စားချင်လွန်းလို့ ကြွပ်ကြွပ်အိပ်ထဲက ပိုက်ဆံ တစ်ထောင်တန်တွေ မသိမသာနှိုက်ပြီး.. သူမြင်အောင် ယပ်ခတ်ပြလိုက်သေးတယ် ...။
ဒါပေမဲ့ ကျမကို ပန်းကန်လေးနဲ့ ထည့်ပေးဖို့ ရယ်.. ဂါလန်ပုံးထဲက အချဉ်ရည် အသစ်လေး ရေနွေးပန်းကန်လေးနဲ့ ဖြစ်ဖြစ် ထည့်ပေးပါနော်ဆိုတော့..... ရမယ်..ရမယ်... ။ လုပ်ပေးမယ်တဲ့ ......... ။
ဒေါ်ကြီးက ၀က်သားမစားဘူး ဘေးဆိုင်က မုန့်ဟင်းခါးမှာစားတယ်...။ ညီမ ဘာလုပ်တာလဲလို့ ဒုတ်ထိုးသည်ကမေးတော့ အိမ်ဖော်လို့ ဖြေရင်း..... နားထဲမှာ(လုပ်ရက်လိုက်တာမမ..ရယ်) လို့ အမေ့ အသံနားထဲမှာ ကြားယောင်လာလို့ အူမကြီး၂ခုပူးကို ဖိဝါးရင်း.. ကန်တော့ အမေလို့ ..စိတ်ထဲက ပြောမိတယ် ။
အိမ်ရှင်ကသဘောကောင်းလားတဲ့ ..ကောင်းတာတော့ ပြောမနေနဲ့ ကျမအမေလောက်ကို ကောင်းတာလို့ ပြောရင်း........။ တစ်သက်လုံး လူတကာကို စပ်စုလာတာရှိသမျှ ၀ဋ် အဲဒီနေရာမှာစုလည်တာပဲ................။
စားပြီးပိုက်ဆံ ရှင်းတော့ ၂၅၀၀ကျတယ်.. ။ ညီမလေး လျှောက်မသုံးနဲ့ စုပြီးရွှေဝယ်ထားတဲ့ ဟုတ်ကဲ့ အမလို့ ပြောရင်း.... ကျမရယ်တယ်.... (ရင်ထဲမှာတော့ရွှေဆိုတာ စုရတာမဟုတ်ဘူးရှင့်) ကပ်ရတာ ကပ်ရတာလို့ ခပ်တည်တည် ပြောရင်း ကျမ မျက်လုံးထဲမှာ ပြီးခဲ့ တဲ့ တနင်္ဂနွေနေ့ကမှ ရွှေတိဂုံဘုရားမှာ ကပ်ခဲ့တဲ့ ရွှေဆိုင်းတွေကိုတောင် မြင်ယောင်နေမိသေးတယ်..........။ ကောက်ညှင်းကျည်ထောက်၊ ထမနဲ ၊ ရေမုန့် ၊ ကရေကရာ.... အကုန်လျှောက်ဝယ် လျှောက်စားပြီး အိမ်ကို လမ်းလျှောက် ပြန်လာရင်း တစ်လမ်းလုံး ကျမ........ ဒေါ်ကြီးမသိအောင် ၀မ်းနည်းနေသေးတယ်......... ။ မနက် ၇း၀၀ နာရီ လေယာဉ်ကွင်းဆင်းရမယ် ။ ခြံထဲကို ကျမတို့ လူဝင်တဲ့ တံခါးပေါက်က ငုံ့ဝင်တော့ ကျမအဖေက.. ဘယ်တွေလျှောက်သွားနေတာလဲတဲ့ .. ။ ကျမ (ဖေဖေ့ကို မပြန်ခင်နောက်ချင်စိတ်နဲ့) နှုတ်ခမ်းကို လက်ညိုးနဲ့ကပ်ပြီး ..... ဖေဖေ..တိုးတိုး......... သူများတွေကြားရင် ဖေဖေမှာအန္တရာယ်ရှိတယ် ၊ ဆိုတော့ နင့်ပုံက ဘာပုံစံလဲ နင်ဘာတွေလျှောက်လုပ်နေတာလဲတဲ့ .. တိုင်းပြည်လွတ်လပ်ရေးပေါ့ ဖေဖေရာ... သူများတွေလျှောက်မပြောနဲ့ သမီးက ပြန်တော့မှာ အိမ်ထောင်ဦးစီး ဖေဖေ့မှာအန္တရာယ်ရှိတယ်.. ရုပ်ဖျက်ထားတာဖေဖေ.... ထောက်လှမ်းရေးတွေရှိလို့ ဆိုတော့ ဖေဖေကစဉ်းစားနေတယ် ။
ကျမအောက်ထပ်မှာပဲအကျီချွတ်စကဒ်ပြန်ဝတ်ပြီး အပေါ်ထပ်ကို ပြေးတက်လာတော့ မကြီးက ပစ္စည်းတွေသိမ်းနေတယ် ။ မလတ်က အာရုံဆွမ်းကပ်နေတယ် ..။ မငယ်က ဆိုဖါပေါ်မှာ နိုးပြီး ပြန်နှပ်နေတယ်.. အမေလဲရှိတယ်.. ။ အိမ်ကြီးက တိတ်ဆိတ်နေတယ် ။ ခါတိုင်းလို အဆူမခံရသလို.. ခါတိုင်းလို ကျမဟန်နဲ့ ပန်နဲ့ ပြန်မပြောသလို.. ။ ကျမပြောသမျှ နားထောင်ပြီး တစ်ဝါးဝါး ရယ်သံတွေလဲ ပျောက်ဆုံးနေတယ် ။ မလတ်ပေးတဲ့ နှင်းဆီ ၁၀၈ ပွင့် ပန်းစည်းကြီးနဲ့ ညက၀တ်တဲ့ တီရှပ်အနက်ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ရင်း မိဘနှစ်ပါးကို ကန်တော့တယ်.. ဒေါ်ကြီးကိုကန်တော့တယ်.......။ ကျမတို့ ညီအမလေးယောက် အားလုံးကို လက်ပြပြီး လေဆိပ်ကို ထွက်လာခဲ့ ကြတယ် ။ ကားပေါ်မှာသင်္ကြန်ကျရင် ငါတို့ နှစ်ယောက် နင့်ဆီ လာမယ်လို့ မကြီးနဲ့ မလတ်က ပြောတယ်... ။ မငယ်ကတော့ ခဏ..ခဏ လာတယ် ။ ဒီမှာသူ့ စီးပွားရေးလုပ်ငန်းရှိတယ် ... ။ ဒီတစ်ခါတော့ ငါတစ်နှစ်လောက်နေမယ်လို့ ကျမကိုပြောတယ်... ။ ကျမက.. အင်းပါလို့ ပြောရင်း နှင်းဆီပန်းစည်းကြီးနဲ့ ဗရုတ်သုတ်ခ အိတ်ကိုဆွဲပြီး... တာ့ တာ့ ..........လို့ ပြောတော့မကြီးငိုတယ်... ။ မငိုနဲ့ သင်္ကြန် လာခဲ့ လို့ ...... ပြောပြီး ကျမလှည့် ထွက်ခဲ့ တော့တယ်........။
ချစ်သောသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခ္ခ... မချစ်မနှစ်သက်သော သူတွေနဲ့ အတူနေရတဲ့ ဒုက္ခ ကို တစ်ပြိုင်ထဲ ခံစားဘို့ လေယာဉ်ပေါ်ကို ကျမတက်လာခဲ့ ရတယ်။
မမ