Saturday, June 5, 2010

တမလွန် က အဖြူရောင် သံယောဇဉ်


အခန်း(၁) အတူနေ ညီမ၀မ်းကွဲက ကျောင်းပြီးလို့ အလုပ်ရသွားပါပြီကျမတို့အိမ် မှာ တစ်ခန်းနေပြီး သုံးနှစ်တာ ပြီးဆုံးသွားတဲ့နောက်မှာတော့ ယူနီတက်ဘို့ သြဂတ်စ်လအထိ သူလဲ ယောင်တောင်ပေါင်တောင်လုပ်တော့မယ့် အတူတူတော့ဖြင့် ဦးလေး၊အဒေါ်တို့နဲ့တိုင်ပင်ပြီး အလုပ်လုပ်ခိုင်းဘို့ အတင်းနားချရတော့တယ် မိဘငွေနဲ့ သုံးနှစ်တာအေးရာအေးကြောင်း ပညာသင်ထားတော အလုပ်လုပ်ဖို့ကို ရွံ့တွန့်တွန့် နဲ့အကြောက်အကန် ငြင်းတော့တယ်။ တစ်ဦးတည်းသောသမီးဖြစ်တဲ့ အတွက် မိဘတွေကလဲ သမီးလေး နားပါစေ ပေါ့ပေါ့ပါးပါး မိဘငွေနဲ့အေးချမ်းစွာ တက်ခဲ့ရတာကိုပဲ သူ့သမီးလေး ပင်ပမ်းလှပြီထင်နေတော့တာ အနေနီးတဲ့ မမ ကတော့ မနာလိုစွာ တစ်စက်မှကြည့်မရတော့ဘူး ယူနီတက်ဘို့ ငုတ်တုတ်ကြီးထိုင် စောင့်နေမဲ့ အစားအလုပ်ဝင်ဘို့ အတင်းတိုက်တွန်း တော့တယ်။ အလုပ်ရှာမရဘူး ဘာညာငြီးတွားသံတွေ အောက်မှာပဲ ပြည်ပမှာ အလုပ်လုပ်နေတဲ့ အဖေ....ရန်ကုန်မြို့ မှာတစ်ယောက်ထဲယောင်လည်လည် နဲ့ သတိရတိုင်း အိပ်ဆွဲပြီးလိုက်လာရှာတဲ့ အမေကိုသနားဘို့ အီးပီရရင် သမီးနဲ့နေချင်ရှာတဲ့ အမေကိုမှီခိုလျှောက်ပေးပြီး သားအမိနှစ်ယောက် အတူတူနေဘို့ယူနီကိုပါ့တိုင်းမ်ပြောင်းတက်သင့်ကြောင်းတစ်နေ့တစ်နေ့နားပူအောင်နားချရတော့တယ် ယူနီကို သုံးနှစ်နဲ့ပြီးမှာ ပါ့တိုင်းမ် ငါးနှစ်ကြီးမတက်နိုင်ပါဘူး အတင်းငြင်းနေတဲ့ အနှီးကလေးမကို ခိခိ မမလေ သိတယ်နော် ညီအမ လေးယောက်ပေါင်းပညာ ပြလိုက်တာညီမလေးလဲအလုပ်ထဲရောက်အဒေါ်လဲမိန့်မိန့်ကြီဒီတန်းရောက်လာပါတော့တယ် အဒေါ်က ဟန်ဆောင်ပန်ဆောင် ရန်ကုန်မှာ ဆေးရုံသုံးရက်လောက်အတက်ပြ နှလုံးရောဂါရှိနေကြောင်း သမီးလေးနဲ့ မသေခင် အတူနေချင်ကြောင်းလေးလောက် ဟန်ဆောင်ပြောရတာကိုက စိတ်မကောင်းတွေ ဖြစ်လို့ အလုပ်ဝင်ရမယ် ပီအာ ရပြီးမှ
ယူနီကို ဖူးလ်တိုင်းတက်တက် ပါ့တ်တိုင်း တက်တက် ကြိုက်တာလုပ်ဆိုတဲ့ သဘောတူညီမူ့ တွေနဲ့ အင်တိုက်အားတိုက် ၀ိုင်းအလုပ်ရှာလိုက်တာ အခြေခံလစာ
၁၈၀၀+အိုတီ နဲ့ ဂျပန်ကုမ္ပဏီတစ်ခုမှာ အီးပီနဲ့အလုပ်ရပါတယ်။ အဲဒီအထိ အားလုံးကစိုစိုပြေပြေနဲ့ အေးအေးချမ်းချမ်းပါပဲ။ အဲဒီအချိန်မှာပဲမလတ်နဲ့မောင်လေးက...မမ က ဒီမှာ မားကြီးနဲ့အမေ၊ဖေဖေ တို့ကရန်ကုန် မှာဖြစ်နေတဲ့ အတွက် မိသားစုလေးကို ခဏတာ ဖြစ်ဖြစ် စည်းလုံးကြမယ်
ဆိုတဲ့ရည်ရွယ်ချက်နဲ့ မောင်လေးက ရန်ကုန်ထပြန်တော့တယ်။ သမီးတွေ ဘယ်လောက်ဝေးဝေး မိဘတွေကစိတ်ချနိုင်ပေမဲ့ သားဝေးနေရင်တော့ နေမထိထိုင်မထိ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိဘတွေရဲ့ ထုံးစံအတိုင်း အဖေတို့ကပါတ်စာခွါ ဖျာသိမ်းကြတော့တယ်။ မမ တို့အိမ်မှာ အခန်းတစ်ခန်းကို
မူပိုင်ယူထားတဲ့ အဒေါ်နဲ့ညီမ၀မ်းကွဲ အတွက် အိမ်ရှာဘို့က မမခေါင်းပေါ် ရောက်လာပါတော့တယ်။ ပွဲစားတွေက တောင်ကဆွဲ မြောက်ကဆွဲ
ကြားထဲမှာလည်တယ်လည်တယ် နဲ့ (မမ စာမရေးနိုင်တာသာ ကြည့်ပါတော့ ခိခိ
ဘာမှမဆိုင်ဘူးနော်) ရှာလိုက်ရတဲ့ အိမ် ကြည့်လိုက်ရတဲ့ အိမ်
မကြိုက်ဘူးချည့်ပဲ မမ တို့အိမ်နဲ့ကူးချည်သန်းချည် လုပ်လို့ရရမယ်။
မမတို့အိမ်လို အထပ်မြင့်ပြီး ကျယ်ကျယ် ၀န်းဝန်းရှိရမယ် တဲ့ ကဲဘယ်လိုရှာမတုန်း နောက်တစ်ခုက ညီမက အီးပီရပြီးအလုပ်လုပ်ခွင့် ရနေပေမဲ့
သူလစာ ၁၈၀၀ နဲ့ ကုမဏီက ဘာအဆင့်နဲ့တင်ထား တာလဲဆိုတာ ကရှိသေးတယ်။ မိဘ
မှီခိုခွင့်ရမရပေါ့ ကံကောင်းတာက စစ်ကြည့်လိုက်တော့ Q 1နဲ့ လစာကို ၂၆၀၀
ပြပေးထားတယ်။ ခက်တာက ခင်ပွန်းနဲ့သားသမီး မှီခိုခွင့်ပါပေမဲ့ MOM က ထုတ်ထားတဲ့စည်းမျဉ်းထဲမှာ မိဘကမတွေ့ပြန်ဘူး လစာ ၈၀၀၀ထောင်ကျော် P1 မှလျောက်ခွင့်ရမယ် လို့ရေးထားပြန်တယ်။ အဲဒါတွေက တစ်ဖက် အိမ်ရှာရတာတစ်ဖက် နဲ့ ရူးချင်ချင်ဖြစ်နေ တဲ့ မမ ပွဲစားက ဖုန်းခေါ်တိုင်း အိမ်ကြည့် ဖို့ခေါ်ပြန်ပြီ အဒေါ်ပင်ပမ်းနေပြီ ကျန်ခဲ့ လို့ မလိမ့်တပတ်တွေ လုပ် အလှပြင် အဒေါ်ရဲ့ အိမ်ကိစ္စ အကြောင်းပြ ပွဲစားလာခေါ်တဲ့ကားနောက်ကို မိန့်မိန့်ကြီးထိုင် ကြည့်တယ်ဆိုရုံ ကြည့်နီးတဲ့ ရှော့ပင်မောလ်နား ချခိုင်းပြီး ကော်ဖီတခွက်နဲ့ ငေးချင်ရာငေးလျောက်ချင်ရာ လျောက်နေတာ၂လနီးပါးပါပဲ။ လက်စ်ဝမ်နင် ထွက်လာတာကတော့ ထုံးစံအတိုင်းမလတ် ဆီကပေါ့ အဒေါ်ကနေခွင့်ရမှာလား အိမ်ငှါးမှာလား ရန်ကုန်ကလူတွေက လာဖို့ အဆင်သင့်ဖြစ်နေပြီတဲ့ ။မ မ လေသိတယ် နော် အဒေါ်အိမ်ငှါးပြီးမှ နေခွင့်မကျရင် ဘယ်လိုလုပ်မလဲလို့ မမ ကမေးတော့ နေပါစေ ကူးချည်သန်းချည်လုပ်မယ်။ စကားမစပ် ကုမ္ပဏီက အာမခံပြီးစာထုတ်ပေးရင် MOM ကလက်ခံမယ်ပြောတာပဲ၊ ပတွတ်ပတွတ်နဲ့ဇရက်ပေါက်စတစ်ကောင်လိုစကားပြောနိုင်လွန်းတဲ့ အပြင် အတွက်အချက် အရမ်းတော်တဲ့ ညီမက အောင်မြင်ပြီးစီးပွါးဖြစ်နေတဲ့ အဲဒီကုမ္ပဏီမှာ QS ရာထူးနဲ့ လုပ်သက်လုံးဝမရှိပါပဲ အမှားမရှိ အချိန်တိုအတွင်း တွက်ချက်နိုင်တဲ့ အတွက် ကုမ္ပဏီကနောက်ထပ်လာတဲ့ ပရော့ဂျက်အသစ် တွေအားလုံးသူ့ကို လက်လွဲပေးတဲ့ အထိ နေရာတစ်နေရာ ရခဲ့တဲ့အပြင် သူ့အမေအတွက်နေထိုင်ခွင့် ရဖို့ကုမ္ပဏီက စာထုတ်ပေးမယ် ပြောတာပဲ။ ကဲအဲဒါကြွားတာလား တကယ်လား မမလဲမသိဘူး အိမ်ငှါးမယ် ဖြစ်အောင်ငှါးပေးမယ် ဒီတပတ်အတွင်း ရရမယ်လို့ ပြောခဲ့ရင်းအိတ်လွယ် ထွက်ခဲ့တဲ့ မမ ဘယ်သွားရမှန်းလဲ မသိ အမ်မာတီ တစ်ခုနားကကော်ဖီ ရှော့မှာ ကော်ဖီတစ်ခွက်မှာပြီး ထိုင်အကြံထုတ် ဖြတ်သွားဖြတ်လာတွေ ငေးနေတုန်းမှာပဲ ပိန်ပိန်ပါးပါး လူရည်သန့် စင်္ကာပူရီယန်း တရုတ်အဘိုးကြီး တစ်ယောက် အနားကဖြတ်သွားရင်း သူလက်ကဆွဲလာတဲ့ ပစ္စည်းထည့်လာတဲ့ ပလပ်စတစ်အိတ်ကလက်ကလွတ်ပြီး သူထည့်လာတဲ့ တိုလီမိုလီတွေ မမ အနားမှပြန့်ကျဲ သွားပါတော့တယ်။

အခန်း(၂) ဗြုန်းကနဲ မမလဲ ထုံးစံအတိုင်းလှစ်ကနဲနေအောင် တရုတ်အဘိုးကြီးနား ရောက်သွားတယ်...တစ်စစီပြန့်ကျဲနေတဲ့ပစ္စည်းတွေကို ခွင့်မတောင်းပဲ တစ်ခုချင်းစီကောက်ထည့်ပြီး သူ့လက်ထဲကို ပြန်အပ်လိုက်တဲ့အချိန်မှာတော့ ကျေးဇူးတင်ကြောင်းကို မရေမတွက်နိုင်အောင် ပြောပါတော့တယ်ရှင်။ ကျမလဲသောက်လက်စ ကော်ဖီခွက်ရှိရာဆီကို ပြန်ဖို့အလုပ် ဘယ်နိုင်ငံကလာတာလဲ ဘာလူမျိုးလဲလို့ စတဲ့မေးခွန်းတွေမေးပါတော့တယ်။ နောက်ဆန်တင်းစွာ ကိုယ့်ကော်ဖီခွက်ရှိရာ စားပွဲကို လှည့်ကြည့်လှည့်ကြည့်နဲ့  သူ့မေးခွန်းတွေဖြေနေရင်းက စားပွဲသိမ်းတဲ့ ၀န်ထမ်းတစ်ယောက်က ကျမရဲ့ကော်ဖီခွက်ကို ကောက်သိမ်းသွားတာ မြင်ရတော့စိတ်မကောင်းစွာနဲ့ နီးစပ်ရာခုံတန်းတစ်ခုမှာထိုင်ချ လိုက်တော့တယ်ဆိုရင်ပဲ အဘိုးကြီးလဲ ကျမအနားမှာ လိုက်ထိုင်တာတွေ့ရတယ်။ ဘာတစ်ခုမှ မျှော်လင့်စရာမရှိတော့တဲ့ ကျမ အဘိုးကြီးကို သေသေချာချာကြည့်ရင်း စပ်စုဖို့ စတင်ပြီး အကြံထုတ်ပါတော့တယ်။ အဘိုးကြီးလို့ကျမခေါ်ပေမဲ့သေချာကြည့်တော့ သူ့ပုံစံက ငါးဆယ်စွန်းကာစလောက် ထင်ရပါတယ်။ သူ့လူပ်ရှားမူ့တွေကြောင့် သေချာမကြည့်ပဲ အဘိုးကြီး လို့ ကျမစိတ်ထဲက ခေါ်လိုက်မိတာပါ။ သူလူပ်ရှားပုံတွေက တုံချိချိရယ် လူကောင်းတစ်ယောက်နဲ့မတူပဲ လူနာတယောက်နဲ့တူနေတော့တယ်။ ဘယ်မှာနေတာလဲလို့ ကျမစပ်စုတော့ နောက်ကျောပေးပြီးထိုင်နေတဲ့ နေရာကအထပ်နှစ်ဆယ်ကျော် တိုက်သစ်ကြီးကို လက်ညိုးထိုးပြပါတယ်ဆိုရင်ပဲ ကျမရင်တွေတဒိန်းဒိန်းခုန်သွား တော့တယ်။
အဲ့ဒီနောက် ကျမကဒ်ပြားလေးထုတ်ပြ ကျမကိုယ်ကျမမိတ်ဆကပြီ်း ကျမနေတဲ့
နေရာကိုလက်ညိုးညွန်ပြရင်း ပွဲစားတွေနဲ့အိမ်ရှာနေတာ တစ်ပတ်လောက်ရှိနေပြီ
အဲဒီတိုက်ကြီးကို ကျမသိပ်ကြိုက်တာပဲ ငှါးမဲ့လူများမရှိဘူးလားသိရင်ကူညီပါနော်လို့ ပြောလိုက်မိတယ်။ အဲဒီအချိန်မှာပဲ သူက ရေပုလင်းလေးဖွင့် ဆေးသောက်ဖို့လုပ်နေတာတွေ့လို့ ကျမကရေပုလင်းကိုကူပြီးဖွင့် ဆေးကဒ်ထဲကဆေးကို ဖောက်ပြီးသူ့ကို ထုတ်ပေးလိုက်တော့ ကျေးဇူးတင်ကြောင်း ထပ်ပြောပါတယ်။ သူဆေးသောက်ပြီးတဲ့ အချိန်မှာ လုံးဝမျှော်လင့်မထားတဲ့သူ့စကားကြောင့် မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ကျသူ့ကိုငေးစိုက်ကြည့်နေမိပါတော့တယ်။သူ့အိမ်ကျမကိုငှါးချင်ပါတယ်တဲ့။ ကျမတို့လက်ရှိနေတဲ့ အိမ်မျိုးဖြစ်တဲ့အပြင် သူ့တိုက်ကပိုသစ်ပြီး အမ်အာတီ စားသောက်ဆိုင်တွေနဲ့ ပိုနီးပါတယ်။ ကျမတို့အိမ်နဲ့လဲလမ်းလျှောက်ယုံ မနီးမဝေးဆိုတဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အတွက် သူ့ကို အမောပြေရင်သွားကြရအောင် ကျမအိမ်လိုက်ကြည့်လို့ ရမလားလို့ပြောတော့ ရတယ် အဆင်ပြေပါတယ်ဆိုပြီး ထိုင်နေရာက ထတယ်ဆိုရင်ပဲ သူ့ရဲ့ဘလောက် သူ့ရဲ့ အထပ်ကိုမေးပြီး မလတ်ဆီကို အက်စ်အမ်အက်စ်ပို့လိုက်တယ်။ မလတ် လေသံနဲ့ပြောရရင် တစ်ခုခုဆို အလီဘိုင်ပြလို့ ရတာပေါ့နော်။ ဒီလိုနဲ့ပဲသူ့အိတ်တွေကိုကျမကကူဆွဲပေးရင်းစကားတပြောပြောလျောက်လာကြတယ်။ သူ့မှာဆီးချို နဲ့သွေးချို ရောဂါရှိသတဲ့ သားလေးတစ်ယောက်ရှိတယ် ဒီနှစ်စစ်ထဲဝင်နေရတယ်တဲ့ သူတစ်ယောက်ထဲ နေတာတဲ့ ဓာတ်လှေကားထဲဝင်ခါနီး ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ရတယ် သူ့လို လူမျိုးနှစ်ယောက်လောက် တော့ မမ က အသာလေး တွန်းလှဲနိုင်မယ်လို့စဉ်းစားရင်းကပဲ ရင်ထဲကလူမမာပုံစံကိုကြည့်ရင်း ကန်တော့ လုပ်လိုက်ရသေးတယ်။ ၂၃ထပ်ကိုရောက်တော့ သူသော့ရှာနေတုန်း အိမ်ရှေ့အိမ်က သူနဲ့ ရွယ်တူလောက်အမျိုးသမီး တစ်ယောက် ထွက်လာပြီး နှုတ်ဆက်တယ်ကျမလဲ ဝမ်းသာအားရ အဲဒီအမျိုးသမီးကြီးကို နံမည်ပြောပြီး အတင်းနှုတ်ဆက်လိုက်တယ် သူကျမကိုပြောထားတဲ့အမည် မစ္စတာအန်းမိတ်ဆွေပါ သူအိမ်ငှါးချင်တယ်ပြောလို့ ကျမလာကြည့်တာလို့ ပြောလိုက်တယ်။ အမျိုးသမီးက ကြောင်တောင်တောင်နဲ့ ခေါင်းညှိတ်ရင်း နှုတ်ဆက်ပြီးတံခါးပိတ်သွားတော့တယ်။ ကျမလဲ မစ္စတာအန်းလက်ထဲက သော့ကိုအတင်းယူပြီး တံခါးဖွင့် သူ့ကို အရင်ဝင်ခိုင်းပြီးတော့ သော့ကိုလက်မှာဆုပ်ထားလိုက်ပါတယ်။ တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ ၂၃ထပ်ဖြစ်ပြီး ဘေးပတ်ပတ်လည်မှာ ပြူတင်းပေါက်တွေရှိပါရဲ့နဲ့ ထူထဲတဲလိုက်ကာတွေကြောင့် အလင်းရောင်မှိန်ဖျော့ဖျော့ နဲ့ အိမ်ကြီးဟာ ဝမ်းနည်းစရာ ကောင်းနေတော့တယ်။ ကျမဖိနပ်ချွတ်ဖို့ လုပ်တော့ ရပါတယ် စီးပါစီးပါလို့သူပြောလို့ ကျမတဒေါက်ဒေါက်နဲ့ ပြူတင်းပေါက်ရှိ လျှောက်သွားပြီး လိုက်ကာအထူကြီးတွေကို
သူ့ကြိုးနဲ့သူ စုစည်းလိုက်တယ်ဆိုရင် အိမ်ကြီးတစ်ခုလုံး လင်းရှင်းသွားသလို ကျမလဲ ဟန်မဆောင်နိုင်လောက်အောင် ဟတ်ချိုး တော့တာပဲ။ ဘုရားဘုရားရေရွတ်ရလောက်အောင် တစ်အိမ်လုံး ဖုံတွေ အလိမ်းလိမ်း ရှိနေခဲ့ပါတယ်။ ဒေါက်ဘိနပ်ချွန်ချွန်နဲ့  ကျမလမ်းလျှောက်ခဲ့တဲ့ နေရာတစ်လျှောက် ထုနဲ့ထယ်နဲ့ ရှိနေတဲ့ဖုံတွေဟာ မှိုင်းခံစက္ကူ အပါးစလေးခင်းထား သလိုမျိုးကနေ ပုံပျက်ပန်းပျက်နဲ့ ခြေလှမ်းရာတိုင်းမှာ ပန်းချီဆရာ တယောက်ရဲ့ ခဲခြစ်ရာတွေလို ကောက်ကွေးကျန်ခဲ့ရင်း ဖုံတွေဟာဒေါက်ချွန်ချွန်မှာ ညှိတွယ်နေတာတွေ ရပါတယ်။ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်ရင်း အိမ်ကြီးကသိပ်ကောင်းတာပဲ နေရာ အထပ် အခန်းပြင်ဆင်ထားပုံ ဘာတစ်ခုမှပြောစရာ မရှိဘူးလို့ ကျမတွေးနေခဲ့ပါတယ်။ ကျမ အခန်းတွေကြည့်လို့ရမလားလို့ မစ္စတာအန်းကို ခွင့်တောင်းတော့ သူထိုင်နေတဲ့ ဘီးပါပြီး လိုရာရွေ့ပြောင်းလို့ ရတဲ့ အ၀ါရောင်ဖျော့ဖျော့ဆုံလည်တစ်ယောက်ထိုင်ကုလားထိုင်လေးကနေ အားယူပြီ ထပါတယ်။ ပထမဦးဆုံး ဧည့်ခန်းနံရံရဲ့ အနောက်ဖက်မှာရှိတဲ့အခန်းရှေ့ကို ရောက်တော့ အခန်းတံခါးရဲ့လက်ကိုင်မှာ တန်းလန်းချိတ်ထားတဲ့ သော့တံကို လှည့်ပြီးသူဖွင့်နေတုန်း ကျမနဖူးနဲ့တပြေးညီနေတယ့် အခန်းတံခါးရဲ့အလည်မှာ ဖရက်ဒီရွန်း ဆိုတဲ့စာတန်းလေးကို ကနုတ်ပန်းလေးထောင့်ဘောင်နဲ့ လှပစွာ ထွင်းထုထားတာတွေ့ ရပါတယ်။ တံခါးကိုတွန်းဖွင့်လိုက်တဲ့ အချိန်မှာတော့ နံရံပေါ်က ပန်းချီကားကြီးကို ကြည့်ပြီး ကျမရင်ထဲမှာ ဝမ်းနည်းမှု့ တွေ ဆို့တက်လာခဲ့တယ်။ ကျမတို့ မြန်မာပြည်က ရုပ်ရှင်ရုံတွေမှာချိတ်တဲ့ ပိုစတာလိုမျိုး နံရံပြည့် ပိတ်စအဖြူပေါ်မှာ အနက်ရောင်ဆေး နဲ့ ရေးဆွဲထားတဲ့ မျက်နှာအကြီးကြီး.... လွပ်လပ်စွာရယ်မော နေတဲ့သုံးဆယ်ကျော်အမျိုးသမီး တဦးရဲ့ မျက်နှာပေါ် မှာ ထင်လင်းလွန်းနေတာ သူမရဲ့တောက်ပလွန်းတဲ့ မျက်ဝန်းနက် တွေပဲ ဖြစ်ပါတယ်။ ကျမကိုဝမ်းနည်းမှု့ တွေ ဖြစ်စေတဲ့အရာကတော့ ပန်းချီကားကြီးရဲ့ ညာဘက်ထောင့်မှာ ရေးထိုးထားတဲ့ စာစုလေးကပဲဖြစ်ပါတယ်။ မြန်မာလို ကျမဘာသာပြန်ရရင် မေမေ အမြဲတမ်း ဖေဖေနဲ့ကျနော် ရဲ့ နောက်မှာရှိနေပေးပါလို့ အဓိပ္ပါယ် ရပါတယ်။ တယောက် အိပ်ကုတင်ကို ပလပ်စတစ် အကြည်စနဲ့ ဖုံးအုပ်ထားပြီး အိတ်အနက်စွပ်ထားတဲ့ ဂစ်တာတလုံး ကားပစ္စည်းတစ်ချို့ ဓါတ်ပုံ ရိုက်တဲ့ အခါလိုအပ်တဲ့အထောက်အကူပစ္စည်းတွေ နဲ့
စီဒီ ချပ်တွေ သူနေရာနဲ့သူ နေသားတကျ ရှိနေပါတယ်။ နံရံကို ခရမ်းပြာလွင်လွင် လေး သုတ်ထားပြီး ပရိဘောဂနဲ့ အသုံးအဆောင်တွေ အကုန်လုံးက အနက်ရောင်တွေ ချည်းပါပဲ။ ဖုံတွေ အလိမ်းလိမ်း ထနေတဲ့ အခန်းထဲကနေ မွန်းကြပ်လွန်းစွာ ကျမထွက်လာခဲ့ပါတယ်။ မစ္စတာအန်းကတော့ ကျမနောက်ကနေ ငါ့သားလေးရဲ့အခန်း အခုသူ စစ်ထဲမှာလို့ ခပ်တိုးတိုးပြောပါတယ်။ ကပ်လျက် နောက်အခန်း
တခန်းကို ဖွင့်ပြတဲ့အချိန်မှာတော့ ပြူတင်းပေါက် ကိုတောင်မမြင်ရအောင် တိုလီမိုလီတွေ နဲ့ပြည့် နှက်နေပါတယ်။ မစ္စတာအန်းကရှက်ရွံနေတဲ့ အမူအရာနဲ့ စတိုခန်းလုပ်ထား တယ်လို့ ကျမကိုပြောပါတယ်။ စိတ်ရှူပ်စရာ အကောင်းဆုံး ကတော့ ကျမအရပ် ထက် လက်ခုပ်တဖေါင်ကျော်လောက်ထပ်မြင့်ပြီး သပ်ရပ်စွာ စီစီရီရီထပ်ထားတဲ့ ၀ါကျင့်ကျင့် သတင်းစာတွေပါပဲ။ အခန်းတစ်ခုလုံး မှောင်မဲပြီး ဖုံနံ့တွေနဲ့ မွန်းကျပ်လွန်းတာကြောင့် ကျမစိတ်ရှုပ်လွန်းစွာ ပြန်ပိတ်လိုက်ပါတယ်။ အဲဒီအခန်းနဲ့ မျက်နှာချင်းဆိုင် အခန်းကတော ရေချိုးခန်းအိမ်သာ တွဲလျက်ပါတဲ့ အဓိက အခန်းပါပဲ မစ္စတာအန်းက သော့တန်းလန်းနဲ့ လက်ကိုင်ကိုတွန်းဖွင့်လိုက်ရင်းကနေ ငါဒီအခန်းမှာနေပါတယ်လို့ပြောပါတယ်။ ပုတ်အဲ့အဲ့ ညှီစို့စို့ အနံ့တစ်ခု ကျမနှာခေါင်းဝကို အလုံးအရင်း တိုးဝှေ့ဝင်လာတယ်ဆို ကျမလှမ်းလုဆဲဆဲခြေလှမ်းတွေကို ပြန်ရုတ်လိုက်ရင်း အခန်းထဲကို မျက်လုံးကစားလိုက်ပါတယ်၊ဒီတခါတော့ မစ္စတာအန်းက ကျမရှေ့ကနေ လှမ်းဝင်သွားရင်း ကျမလုပ်တဲ့ပုံစံအတိုင်း ပြူတင်းလိုက်ကာတွေကို စုစည်းလိုက်ပါတယ်။ လင်းရှင်းသွားတဲ့အခန်းထဲ ကို ကျမလှမ်းဝင်လိုက်ရင် ရှယ်နယ်ဖိုက် ရေမွေးနံ့က တစ်ခန်းလုံးကိုမယုံနိုင် အောင်မွေးပျံ့သွားတော့တယ်။ ကျမလဲပြူတင်းပေါက်နားက အဝါဖျော့ဖျော့ အင်မတန်မှ ဟောင်းနွမ်း အရောင်မထွက်တော့တဲ့ မှန်တင်ခုံပေါ်က ဖုံအလိမ်းလိမ်းနဲ့ အမျိုးသမီး အသုံးအဆောင်တွေ ကိုလှမ်းကြည့်လိုက်တယ်ဆိုရင် ရှယ်နယ်ဖိုက် ရေမွေးပုလင်းကိုမြင်ပြီး တကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားပါတော့တယ်။ အဲဒီနေရာကို မျက်နှာလွဲပြီး မှန်တင်ခုံနဲ့အရောင်တူအသွေးတူတဲ့ တံခါးသုံးချပ်ဖွင့် နံရံကပ်ဘီဒိုကြီးကို ဘာရယ်မဟုတ်ဆွဲဖွင့်လိုက်တယ် ဆိုရင် မီးပူတိုက်ပြီးသား စီစီရီရီချိတ်ထားတဲ့ အမျိုးသမီးအင်္ကျ င်္ီနဲ့ စကပ် ဘောင်းဘီတွေ.. နှစ်တွေကြာလို့ ဟောင်းနွမ်းဖုံတက်နေပေမဲ့ ခြေရာလက်ရာ မပျက် သပ်ရပ်စွာရှိနေပါတယ်။ တစ်ယောက်အိပ်ကုတင်ပေါ်က မွေ့ယာကိုပလပ်စတစ် အပါးစတစ်ခုနဲ့ သပ်ရပ်စွာ ဖုံးအုပ်ထားပြီး ဘေးနား မှာတော့ဒရင်းဘက် အပြာရောင်တစ်ခုပေါ်မှာ လတ်တလော မစ္စတာအန်း အိပ်တဲ့ ပုံစံမျိုးတွေ့ရပါတယ်။ သူ့ရဲ့ပတ်ပတ်လည်မှာ အမျိုးအမည်မသိတဲ့ ဆေးဗူးဆေးကဒ်တွေက စားပွဲပုလေးနဲ့ တစ်လုံးပါပဲ အနှစ်ချုပ်ပြီးပြောရရင်အိမ်ကြီးကိုစိတ်ကူးနဲ့ ကျမသန့်ရှင်းရေး လုပ်ကြည့်တော့ သိပ်ကိုလှပပြီး နေပျော်တဲ့ အိမ်တစ်လုံးအဖြစ် ကျမအတွေးထဲမှာကြည်နူး စရာပါပဲ။ ကျမစိတ်ပူစွာဒီအိမ်ငှါးပြီး ဘယ်သွားနေမှာလဲလို့ ကျမသူ့ကိုမေးတော့ ငါ့အဖေအိမ်မှာနှမအပျိုကြီး တစ်ယောက်နဲ့သွားနေမယ်လို့ဆိုတယ့် သူ့အဖြေကြောင့် ကျမတစ်ကိုယ်လုံးပေါ့ပါးသွားတော့တယ်။ ကျမကိုယုံလား စာချုပ်ချုပ်ဖို့ ပွဲစားလိုဦးမလား လို့မေးတဲ့ကျမမေးခွန်းကို သူတွေဝေနေခဲ့တယ်။ စိတ်ချမ်းသာတာကိုလုပ်ပါ ကျမမှာစင်္ကာပူရီယန်းပွဲစား ရှိတယ် ကျမတို့ စာချုပ်ချုပ်ရအောင် အချိန်ဘယ်လောက်ယူပြီး ပစ္စည်းသိမ်းမှာလဲလို့ ကျမမေးတော့ ၂ပတ်ဆိုသူအတွက်လုံလောက်ပါတယ်တဲ့။ အဲဒီလိုနဲ့ ကိုယ်အိတ်ထဲကငွေကိုစိုက်ထုတ်လို့ ကျမနောက်နေ့မှာစရန်ငွေ တစ်လစာချခဲ့ပါတယ်။ အိမ်ရပြီလို့ ကျမပြောရင်းအဲဒီတိုက်ကြီးကို လက်ညှိုးထိုးပြရတာကျမ ရင်မှာ ဘယ်လောက်အားရကျေနပ်မိသလဲဆိုတာ မလတ်နဲ့ အန်တီ၊ညီမတဝမ်းကွဲ တို့ သိမှာမဟုတ်ဘူးလေ.. ဟုတ်ရဲ့လား မမရာ ငါတို့ အိမ်ကြည့်ချင်တယ်လို့ တပူပူတဆာဆာလုပ်နေတဲ့ သူတို့ကို ကျမပြလို့မဖြစ်ဘူးလေနော် လက်ရှိအတိုင်းပြလို့က ပွဲပျက်သွားမှာပေါ့နော့..။ အိမ်ရှင် အိုဗာစီး သွားနေတယ်၂ပတ်ပြည့်ရင်သော့ရမယ် ပစ္စည်းသာသိမ်းထား ကျမတို့လက်ရှိအိမ်ထက် အကုန်ပိုသစ်တယ်ဟာ သားအဖနှစ်ယောက်ပဲနေတာလို့ အလွယ်ပြောရင်း သက်ပြင်းချမိပါတော့တယ်။
ဆက်ရန်
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner