Monday, June 7, 2010

တမလွန် က အဖြူရောင် သံယောဇဉ်(၂ )


ကို့ ကိုယ်ကို စဉ်းစားမိရင် ကျမရယ်ချင်တာပဲ သိတော့တယ်။ ကျမဘာပဲ
လုပ်နေနေ ဘယ်တွေပဲရောက်ရောက် ကျမခေါင်းထဲကိုဝင်ဝင်
လာတာ မစ္စတာအန်းပါပဲ။ သူ့ကိုယ်သူတောင် အနိုင်နိုင် ရပ်တည်နေရတဲ့
ဘဝမှာ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အိမ်ထောင်ကြီးတစ်ခုရဲ့ ဒီပစ္စည်းတွေ
သူဘယ်လိုသိမ်းပြီး ဘယ်လိုသယ်ထုတ်မှာလဲ
ဆိုတာကိုပေါ့။ ကျမတို့စရံပေး စာချုပ်ချုပ်တဲ့ နေ့လေးကို ကျမပြန်ပြောပြမယ်
ပွဲစားက လူနောက် လူပျော် ခပ်ငယ်ငယ်ပါပဲ ပညာတတ်ကြီးမဟုတ်ပေမဲ့
ပွဲစားသက်ကတော့ရင့်တယ်။ ကျမနဲ့အတော်ခင်ပါတယ် အခုဟာက သူကဘလိုင်းကြီးရမှာလေ
အိမ်ငှါး၊ အိမ်ရှင်၊ အိမ် က အဆင့်သင့်ဥစ္စာ ကျမတို့ကထုံးစံအတိုင်း
အိမ်လခရဲ့ တစ်ဝက် အိမ်ရှင်က တစ်ဝက် သူက တစ်လစာအပြည့်ရမှာ ဒါလဲအကုန်လုံး သူရမှာ မဟုတ်ပါဘူး
ကုမ္ပဏီ ၀န်ထမ်းဖြစ်နေတော့ ကော်မရှင်တော့ များများရမှာပေါ့။ မစ္စတာအန်းအနေ နဲ့က
တစ်ခါမှ မငှါးဘူးတဲ့ သူဖြစ်နေတာရယ် ကျမတို့ ကနိုင်ငံခြားသား
ဖြစ်နေတာရယ်ကြောင့် သူ့နိုင်ငံသားပွဲစားတော့ ပါစေချင်မှာပဲပေါ့။ ညီမလေး က
အလုပ်သာရတာ ဘာကဒ်မှလက်ထဲမရောက်သေးဘူး ရောက်လဲ နှစ်ဆယ့်တစ်နှစ်ပြည့်ဘို့
လပိုင်းလောက်လိုနေသေးတော့ ကျမအမည်နဲ့ပဲ စာချုပ်ချုပ်ရမှာ လတိုင်းကျမဆီက လစာသွားမယ်။
ကျမက ကျမမိတ်ဆွေ ပွဲစားကိုနင် သူအမျိုးသမီးဘယ်မှာ ဆုံးတယ်
ဘာရောဂါနဲ့ ဆုံးတယ် ဘယ်လောက်ကြာပြီ ဆိုတာမေးပေးစမ်းပါ နော် ကျမ
မေးရမှာ စိတ်မကောင်းလွန်းလို့ ပါလို့ပြောပြီး ကျမတို့သုံးယောက်
ထိုင်နေတဲ့ လေးထောင့်စားပွဲလေးကနေထပြီး
မီးဖိုချောင်ကိုဝင်လာခဲ့တယ်။ သိပ်သပ်ရပ်ပြီး သိပ်ကိုစည်းကမ်းရှိတာပဲ
ပစ္စည်းထားသိုပုံတွေက နှစ်တွေကြာပြီး မတို့မထိဖုံတွေ
တက်နေတာကလွဲရင်ပေါ့။ ဘယ်လောက်အထိ စည်းစနစ်ကြီးသလဲဆိုရင်
ဂက်စ်မီးဖိုမှာနေ့စဉ် သုံးနေတဲ့ ဂက်စ်ဖွင့်တဲ့ ခလုတ်လေးတွေ အားလုံး
သင့်တော်တဲ့ ဗူးတစ်ခုခုက အဖုံးလေးတွေနဲ့ အစီအရီဖုံးအုပ်ထားပါတယ်။ ကေအက်ဖ်စီ
ဆိုင်ကပေးတဲ့ အချည်ထုတ်တွေကြီးပဲ ကြွပ်ကြွပ်အိတ်
အကြီးစားနဲ့ ဆယ်လုံးနီးပါးရှိပါတယ်။ သူစုဆောင်းထားတဲ့ ဈေးဝယ်လို့
ရတဲ့ကြွပ်ကြွပ်အိတ်တွေကတော့ဖြင့် ကျမတို့ တနှစ်စာအမှိုက်ပစ်ဖို့
လုံလောက်ပါတယ်။ မုန့်ဗူးတွေ အသားဗူးတွေ ဝိုင်နဲ့အရက်ပုလင်းတွေ ဟာ
ထင်းရူးသေတ္တာနဲ့ အနဲဆုံးသုံးလုံးစာလောက်ရှိပါတယ်။ သိပ်ထူးဆန်းပြီး အရမ်းအံ့သြ
ဖို့ကောင်းတာကတော့ ကြက်ဥကဒ်တွေပါပဲ ကဒ်ပေါင်း လေးဆယ်ကျော်လောက်တွေ့
ရပါတယ်။ သူ့နေရာနဲ့သူစီစီရီရီ ရှိနေတဲ့အတွက် တစ်အိမ်လုံးမှာဖုံတွေ
ထပ်နေတာကလွဲလို ညစ်ပတ် ပေရည်နေတာ မရှိပါဘူး အနံ့အသက်မကောင်းတာ
တစ်ခုပါပဲ။ ကြက်ဥကဒ်တွေအားလုံး ဈေးအမြင့်ဆုံး ကြက်ဥပုံတံဆိပ်ပါတဲ့ ပလပ်စတစ်
အမာစားဗူး တွေနဲ့ ရောင်းတဲ့ အမျိုးအစားတွေဖြစ်ပြီး ကျမအံ့သြလွန်း လို့
တကဒ်ကိုကိုင်ကြည့်တယ် ဆိုရင် အနှစ်မရှိတော့တဲ့ အခွံကြီးသက်သက်
ဖြစ်လို့နေပါတယ်။ ထိပ်ဘက်ကို အပ်ဖျားသာသာ လေးဖေါက်ပြီး ထုတ်ယူ
ဗူးခွံထဲကိုပုံစံမပျက် ပြန်ထည့်ပြီး စနစ်တကျအခွံတွေကို သိမ်းဆည်းထားတာ
ဖြစ်ပါတယ်။ အံ့သြလွန်းလို့ ကြက်ဥခွံတကဒ်ကို သူတို့မမြင်အောင်
ပိုက်ဆံအိတ်ထဲဖွက်ယူလာခဲ့ပြီး စင်္ကာပူရီးယန်း တစ်ယောက်ကိုမေးကြည့်တဲ့
အခါမှာတော့ အဲဒါတွေဟာ ကလေးငယ်လေး တွေ ပန်းချီဆွဲပြီးပုံဖေါ်တဲ့
နေရာမှာသုံးတယ်လို့ ဆိုပါတယ်ရှင်။ မုန့်ဗူးတွေ မုန့်ပုံးတွေက ရေတွက်လို့
မရပါဘူး။ နံရံကပ်ဘီဒို တွေရဲ့ အခန်းတိုင်းမှာ အပြည့်ပါပဲ ကျမရေခဲသေတ္တာကို
ဖွင့်ကြည့်လိုက်တယ် ဆိုရင် အသားငါးတွေဟာ ရေခဲတဲ့ပထမ အဆင့်မှာအပြည့်ပါပဲ
ရေခဲမုန့် ချောကလက် အပြည့်အစုံ အကုန်ရှိပါတယ်။ ကျမကိုဆိုင်းထိုးဘို့
သူတို့လှမ်းခေါ်လို့ သူတို့အနားရောက်သွား တဲ့ အချိန်မှာတော့ ပွဲစားက
ကျမကိုဘာပစ္စည်းတွေ ယူမှာလဲလို့မေးပါတယ်။အဲကွန်းသုံးလုံး နဲ့ ရေခဲသေတ္တာ
အဝတ်လျှော်စက် ကျမဒါပဲလိုချင်တယ်လို့ မျက်နှာပူပူ
နဲ့ပြောရပါတော့တယ်။ နံရံကပ် ဘီဒိုတွေကလွဲလို့ ကုတင်တွေက
အစကျမ လုံးဝကိုမလိုချင်ပါဘူး အဓိက ကတော့ ရေတွေထိလို့ ဖေါင်းကြွ
နေတဲ့ ဘုတွေထစ်တွေနဲ့ အတော်အကြည့်ရဆိုးတဲ့ မှန်တင်ခုံ နောက်ဆေးပစ္စည်းတွေ
အဆင့်ဆင့်ထည့်ထားတဲ့ ကျမရင်ခေါင်းလောက်အမြင့်ရှိတဲ့ ဖိုင်ဘာနဲ့လုပ်ထားတဲ့
အဆင့်ခုနှစ်ဆင့်ပါတယ့် ဥစ္စာ၂ခု နောက် အဝါရောင်ဖျော့ဖျော့ မစ္စတာအန်း
ထိုင်တဲ့ ဆုံလည်ကုလားထိုင်၊ ဆိုဖါဆက်တီအနက်ရောင် နဲ့ တီဗီ အမဲကြီးတခု
အဲဒါတွေ သူမသယ်နိုင်ဘူးဆို ငါလွှင့်ပစ်မှာနော်လို့ တခါထဲပိတ်ပြော
ထားလိုက်တယ်။ ကျမလက်မှတ်ထိုးဘို့
နံရံနဲ့ကပ်လျှက် စားပွဲမှာဝင်ထိုင်လိုက်ပြီး စာချုပ်ကိုဖတ်ပါတယ်။
ဖတ်ပြီးကျမ လက်မှတ်ထိုးဘို့အတွက် စာရွက်ကိုစားပွဲပေါ်ချလိုက်တယ်ဆို
ကျမ တထောင်စစ်ကကျင်ခနဲ ဖြစ်ပြီး လက်ထဲကဘောလ်ပင် ပြုတ်ကျသွားသလို
ကျမနဲ့ကပ်လျှက် စာအုပ်စင်ပုံစံ ဓါတ်ပုံဘောင်သေးသေးလေး တွေ
အရုပ်သေးသေးလေး တွေတင်ထားတဲ့စင်လေးဟာ ရမ်းခါပြီး ပစ္စည်းသေးသေးလေးတွေ
ပြုတ်ကျသွားတာကို ကျမတအံ့တသြ တွေ့လိုက်ရပါတယ်။ ပွဲစားက သတိထားလေ ဖြေးဖြေး
မလောနဲ့လို့ ကျမကိုနောက်ပြောင်တယ် ဆိုရင်ပဲ ကျမဇဝေဇဝါနဲ့
ငါတိုက်လိုက်တာလားလို့ ပြန်မေးရင်းပစ္စည်းသေးသေးလေးတွေ ကောက်ဖို့လုပ်တယ်။
မစ္စတာအန်းက ရတယ် ရတယ် ထားလိုက်ပါလို့ ဝင်ပြောတဲ့အတွက် ကျမမထိုင်တော့ပဲ
မတ်တပ်အနေအထားနဲ့ပဲ ခါးကိုကိုင်းပြီး
လက်မှတ်ထိုးလိုက်ပါတယ်။ နှစ်ယောက်ထိုင် ဆိုဖာဘေးမှာ စက္ကူပုံးတွေနဲ့
ပါကင်မပျက်ထပ်ထားတဲ့ လေးငါးဆယ်ပုံး ကိုဘာတွေလဲလို့ မေးကြည့်တော့
ရေသန့်ဗူးတွေ ဖြစ်နေတာကို တွေ့ ရပါတယ်။ အိုးတွေ ခွက်တွေဆိုတာစီစီရီရီ နဲ့
နံရံကပ်ဘီဒိုတွေအပြည့်ပါပဲ။ ပြီးတာနဲ့ စတိုခန်းကိုကျမတို့ ပေးသုံးမှာ
မဟုတ်လားလို့ ကျမမေးရင်းဖွင့်ကြည့်လိုက်တော့ စတိုခန်းအပြည့် ဘူးခွံတွေ
စီစီ ရီရီပါပဲ စတိုခန်းအတွင်းပတ်ပတ်လည်တစ်ခုလုံး အဆင့်ပေါင်းများစွာ
နံရံကပ်တွေ အဖြစ်ရိုက်ထားပြီး အဲဒီစင်တွေ အပြည့် ပစ္စည်းတွေ
ရှိနေပါတယ်။ စတိုခန်းရဲ့အလယ်ခေါင်တည့်တည့် မှာတော့
မျက်နှာချက်ကိုထိလုအောင် စက္ကူပါကင်ပုံးတွေ အဆင့်လိုက်ရှိပါတယ်
ဒီပစ္စည်းတွေ သူဘယ်လို သယ်ထုတ်မလဲလို့ ကျမတွေးယုံနဲ့ တင် ဦးဏှောက်
ခြောက်လာပါတော့တယ်ရှင်။ ပွဲစားကို ၁၅ရက်နေ့ မဖြစ်မနေဒီအိမ်ကိုတက်ရမှာနော်
၁၀ရက်နေ့ မှာဖိုင်နယ် စာချုပ်ချုပ်မယ် သော့ယူမယ် ကျမအနဲဆုံးသုံးရက်
သန့်ရှင်းရေးလုပ်ယူရမှာ လို့ပြောတော့ မစ္စတာအန်းကသဘော တူပါတယ်။ အဲဒီလို နဲ့
ဘာတွေကိုပဲလုပ်လုပ် မစ္စတာအန်း အဆင်ပြေပါ့မလား ပစ္စည်းတွေ
သိမ်းရောသိမ်းရဲ့ လားဆိုတာ အတွေးထဲကိုဝင်ဝင်လာတော့တာပါပဲ။ ၁၀ ရက်နေ့
ရောက်တဲ့အချိန်မှာတော့ ကျမတို့ဖိုင်နယ်စာချုပ်ချုပ် ဘို့
နေ့ခင်း ဆယ့်တစ်နာရီချိန်းထား တဲ့အတွက် မစ္စတာအန်းနဲ့ကျမစတွေ့တဲ့
ကော်ဖီရှော့မှာ ၁၀း၄၅ မိနစ်လောက်ထဲက ကျမရောက်နေနှင့်ပြီးကော်ဖီ
တစ်ခွက်နဲ့ ပွဲစားဖုန်းဆက်လာမဲ့
အချိန်ကို စောင့်မျှော်နေခဲ့ပါတယ်။ ကျမရဲ့စိတ်ထဲမှာလဲ ဘာရယ်မဟုတ်မတင်
မကျဖြစ်လို့ နေပါတယ။် ၁၀း၅၅ မိနစ်လောက်မှာတော့ ပွဲစားကဖုန်းဆက်လာပြီးကျမ
ထိုင်နေတဲ့ကော်ဖီရှော့ကို လမ်းကြုံဝင်ခေါ်ရင်း မစ္စတာအန်းကိုကျမတို့ ၁၁း၀၀
မှာ ရောက်ပြီလို့ ဖုန်းဆက်တဲ့အချိန်မှာတော့ သူကိုအိမ်အောက်မှာစောင့်နေဖို့ ပြန်ဖြေပါတယ်။အိမ်အောက် ကကျောက်စားပွဲ မှာကျမတို့နဲ့
မရှေးမနှောင်းသူဆင်းလာပြီး ဖိုင်နယ်စာချုပ်ကိုလက်မှတ်ထိုးပါတယ်။ ကျသင့်တဲ့
ငွေအကျေချေပြီးတဲ့ အချိန်မှာတော့ ကျမကိုသော့အပ်ပါတယ်။ ကျမက
အိမ်ပေါ်ကိုနည်းမျိုးစုံ နဲ့ တက်ဖို့ ကြိုးစားပေမဲ့ မစ္စတာအန်းက
ပေးမတတ်ပါဘူး။ ပစ္စည်းတွေပါကင်ထုတ် နေတဲ့အတွက်တအိမ်လုံး ရှုပ်ရှက်ခတ်
နေတယ်လို့ ကျမကိုဖြေပါတယ်။ ကျမလဲ ပွဲစားခပေးထားပြီးပြီ
ဖြစ်တဲ့အတွက်ပွဲစားကိုပဲ အဓိကပစ်မှတ်အနေနဲ့ ဦးတည်ပြောပါတယ်။ ကျမတို့
၁၅ရက်နေ့ မနက်၁၀နာရီလောက် ပစ္စည်းရွေ့ဖို့ ကားဘွတ်ကင်ယူထားပြီး ဆိုတဲ့အ
ကြောင်းနဲ့ ၁၅ရက်နေ့ ညနေ လေး နာရီမှာ ရန်ကုန်ကဧည့်သည် တွေရောက်မယ်
ကျမအိမ်မှာ ဘယ်လိုမှနေစရာ အိပ်စရာမရှိဘူးဆိုတဲ့အကြောင်း တစ်ခါထဲသေချာအောင်
ပြောထားပါတယ်။ ပွဲစားက ပေါ့ပေါ့ပါးပါးနဲ့ စိတ်မပူပါနဲ့
သူပါကင်တွေထုတ်ပြီးတာနဲ့ အေးဂျင့်အပ်ထားတာပါ ပစ္စည်းသယ်တဲ့
ကားနဲ့သယ်ရင် အလွန်ဆုံးကြာရင်၂နာရီပေါ့ လို့ လွယ်ကူ
ပေါ့ပါးစွာ ပြောပါတယ်။ ကျမက စိတ်ပျက်စွာ ခေါင်းကိုခါရမ်းလိုက်ပြီး
ပေတူးနေတယ် အ၀တ်အစားတွေ ပင်ပမ်းနွမ်းနယ်နေပြီး ချွေးသီးချွေးပေါက်တွေနဲ့ ဆင်းလာတဲ့
မစ္စတာအန်းကို ပစ္စည်းတွေ...ဘယ်သူကူသိမ်းပေးလဲလို့ ကျမမေးတော့
ရှက်ရွံတဲ့မျက်နှာနဲ့ သူတယောက်ထဲလို့ ပြန်ဖြေပါတယ်။ ဆီးချို နဲ့ သွေးချို
ရောဂါရှိပြီး ယိမ်းယိုင်နေတဲ့သူ့ကို စိတ်မကောင်းစွာကြည့်ရင်း ကျမ
သူတို့ကိုနှုတ်ဆက် လိုက်ပါတော့တယ်။ ကျမ တွေတွေငေးငေးနဲ့ ဖြစ်နေတာကို ရိပ်မိတဲ့ မလတ်က နင်အိုကေရဲ့လားလို့
ခဏ ခဏမေးပါတယ်။ မမ ပါဟာ တခြားသူမဟုတ်ပါဘူးလို့
တက်ကြွမှုမရှိ ပြန်ဖြေတဲ့ကျမကို အိမ်ကိုလဲ တို့မကြည့်ရသေးဘူးနော်လို့
မေးခွန်းလိုလို အဖြေလိုလိုမျိုး မေးလာတော့ ကျမမသိဟန်ဆောင်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၄ရက်နေ့ ညမှာတော့ ကျမပွဲစားဆီ ဖုန်းဆက်ပါတယ် သူကတောအေးဆေးဆေးပါပဲ မနက်၁၀နာရီ ကျမတို့ပစ္စည်းသည်တဲ့ ကားရောက်မယ်။မစ္စတာအန်း
ပစ္စည်းတွေအားလုံး ထွက်မှရမယ်နော် ပစ္စည်းတွေထပ်ကုန်ရင်
ဒုက္ခရောက်ကုန်မယ်လို့ ကျမပြောတော့ သူအခုပဲဖုန်းဆက်ပြီး
ကျမကိုပြန်ခေါ်မယ်လို့ ပြောပါတယ်။ မလတ်တို့ဘက်အခြမ်းကိုပြောချင်ပါသေးတယ်
ညီမဝမ်းကွဲလေးက နေတာသုံးနှစ် သူ့အမေက တလကို ၂ခေါက် သုံးခေါက် လာရင်
အနည်းဆုံးသုံးလ နေပါတယ်။ ဝယ်ချက်ကကမ်းကုန်ဆိုတော့ ပစ္စည်းသယ်တဲ့ ကားနဲ့
အနည်းဆုံးနှစ်ခေါက် ကုတင် ဘီဒိုနဲ့ မွေ့ယာဆိုဖာ ကုတင်နဲ့မွေ့ရာက
လူခုနှစ်ဦးစာရှိပါတယ်။ ထမင်းစားပွဲ ကုလားထိုင်ဘာညာကွိကွတွေ နဲ့တင်
မနည်းပါဘူး။ အခုနစကားကို ကျမပြန်ဆက်မယ်နော် ၁ဝမိနစ်လောက်ကြာ တဲ့အချိန်မှာ
ပွဲစားက ထိပ်ထိပ်ပြာပြာနဲ့ ဖုန်းဆက်လာပါတယ်... ကျမကိုနောက်သုံးရက်လောက်
အချိန်ထပ်ပေးဖို့... ကျမရင်ထဲမှာမတင်မကျဖြစ်နေတဲ့ စိတ်တွေအားလုံး
မီးတောင်တခုလိုဝုန်းကနဲ ပေါက်ကွဲပါတော့တယ်။ ဖုန်းပြောရတာ
မလွတ်လပ်တဲ့အတွက် အခုပြန်ခေါ်မယ်လို့ပြောပြီး ကျမစိတ်ဓါတ်တွေ
သုံညဒီဂရီအောက် ၁၀၀ လောက်ကိုစောက်ထိုး ဆင်းပြီး အိမ်အောက်ကပန်းခြံထဲကို
ဖုန်းပြောဖို့ ဆင်းလာခဲ့ပါတော့တယ်။ ဖုန်းခေါ်ပြီးတဲ့နောက်မှာတော့ စကား၂ခွန်းပဲပြောချင်တယ် မနက်ကို
ပြောင်းလို့ရချင်ရ မရရင် စရန်ငွေ၂ဆပြန်လျှော်ပေးဖို့ လေသံမာမာနဲ့
ကျမပြောပါတော့ တယ်။ (အဲဒီတစ်ခါပဲ စလုံးတွေဘက်က ပျက်ကွက်မှု့ကြောင့်
ကျမပြောဖူးတာပါ ကျမဘက်က ပျက်ကွက်မှု့ကြောင့် အဲဒီပွဲစားရဲ့ အပြောအဆိုကို
အကြိမ်များစွာ ကျမခံခဲ့ဘူးပါတယ်)။ ကျမ သူ့ကိုအော်ပါတော့တယ် နင့် ကို
ငါအကုန်ပေးထားပြီးပြီ ငါ့အခက်အခဲကို အကုန်ပြောပြီးပြီး အိမ်ပြောင်းဖို့
ကားလဲခေါ်ထားပြီးပြီ နင်တို့ဘက်က အိုကေ ဆိုတာနဲ့ တို့ ဘက်ကကားမောင်းထွက်
လာယုံပဲလို့ ကျမပြောတော့ နင်စိတ်မပူပါနဲ့ အကောင်းဆုံးဖြစ်အောင်ငါ
ကြိုးစားမယ် မနက် ၁၀နာရီမတိုင်ခင်ကျမကို ကားနဲ့လာခေါ်မယ်လို့
ပြောပါတယ်။ ကျမစိတ်ရှုပ် လိုက်တာမမေးပါနဲ့တော့ အဒေါ်အကြောင်းပြောရဦးမယ်
သူ့ရဲ့နဂို အမည်ပျောက်လို့ ဒေါ်ဝိရိယ လို့ တစ်မျိုးလုံး ပြောင်းခေါ်ရအောင်
ဝိရိယ အလွန်ကောင်းသူ အိမ်ရပြီဆိုတာနဲ့ တကုပ်ကုပ်သိမ်းဆည်းထားတဲ့ အတွက်
အိမ်အောက်ပစ္စည်းချယုံပဲ ကျန်တော့တယ်။ ကျမစိတ်ညစ်တယ်...။ ၁၀နာရီမှာ ကျမနဲ့သူနဲ့ ၂ယောက် မစ္စတာအန်းအိမ်အောက် ရောက်နေပါပြီ
ဖုန်းခေါ်တော့ သူဆင်းလာမယ်ပြောပြန်ပါတယ်။ ကျမပေါက်ကွဲနေပြီ ပွဲစားအမည်က
အယ်ဗင်ပါ။ ကျမ ဒီမှာအယ်ဗင် နင်မသိတာတွေ ငါ့မှာအများကြီးရှိသလို
ငါသိတာတွေလဲ နင်မသိနိုင်ပါဘူး ငါအခုပြောမယ် သူဆင်းလာတာနဲ့ အိမ်ပေါ်ကို
ငါတို့တက်ရအောင် ငါမတက်ဘူး နင်ရအောင်တတ်ပါ ငါထပ်ပြောမယ်
သူဘာပစ္စည်းမှ မသိမ်းရသေးဘူး ပစ္စည်းပုံတွေကြားမှာ သူအရူးတယောက်လို
ထိုင်နေတာ ငါသိတယ် နင်အနေအထားတက်ကြည့်ပါ
၁၅ရက်ဆိုတဲ့အချိန်က လုံးဝလုံလောက်နေပြီးသား
အခြေအနေကြည့်ပြီးမှငါဆုံးဖြတ်မယ် နင်တက်တော့ ပကတိအတိုင်းပြန်ပြောပြပါ
လို့ ပြောရင်း သူ့ကိုအတင်းတက်ခိုင်းတော့တယ်။ ၁၅မိနစ်လောက်
ကြာတဲ့အချိန်မှာတော့ သူ အထိတ်တလန့် တဝုန်းဝုန်းနဲ့ ကျမနားကိုပြေးပြီး
ကျမကို ထိတ်လန့်တကြား စိုက်ကြည့်နေပါတယ် ကျမကခပ်တည်တည်
သူ့ကိုပြန်ကြည့်ရင်း ငါပြောတာ တခုမှမလွဲဘူး မဟုတ်လားလို့ ကျမမေးတော့
တအံ့တသြ နင်ဘယ်လိုများသိသလဲတဲ့။ ပြီးတော့ တဟားဟား အော်ရီပါတော့တယ်
ခုံပေါ်ကိုမျက်နှာမှောက်ပြီးရီပြန်ပါတယ် တခါမှမကြုံဘူးဘူး
သူဘာမှမလုပ်ဘူးသိလား ပစ္စည်းတွေပြန့်ကျဲနေတာက လွဲလို့
ဘာတစ်ခုမှ မသိမ်းရသေးဘူး လို့ဆိုပါတယ်။ ကျမနဂိုတည်နေတဲ့ မျက်နှာကို
ပိုတင်းလိုက်ပြီး မနက်ဖြန် ဒီအိမ်ပေါ်ကိုရောက်မှဖြစ်မယ် သူမသိမ်းနိုင်ရင်
ငါ့အဲဒီပစ္စည်းတွေ တက်သိမ်းမယ် ဒီနေ့အပြီးသိမ်းမယ်လို့ ပြောတော့
အိုကေနင်နဲ့ငါတက်ပြောမယ် လို့ ပထမဦးဆုံး မြန်မာမ တယောက်ရဲ့စကား ကို
အသိအမှတ်ပြု ဘာကွန်ပလိန်းမှမရှိပဲ
ခေါင်းငြိမ့် လက်ခံလိုက်တာဖြစ်ပါတယ်။ ကျမလုံးဝမခေါ်ချင်
ဆုံးဖုန်းနံပတ်ကိုနှိပ်ပြီး မလတ်လို့ ခေါ်လိုက်တော့
နင်ဘာဖြစ်လဲ အန်တီဖုန်းခေါ်နေတယ်လေ ပစ္စည်းသယ်ဘို့ ကားမရောက်လို့
စိတ်ပူနေတယ် ဆိုတဲ့ စကားကိုဖြတ်လို့ မလတ်... ငါးဆယ်ကျော်
ကျန်းမာရေးလုံးဝမကောင်းတဲ့ စလုံးအဘိုးကြီးတယောက် နင်နဲ့ငါ့ အကူအညီကို
အရမ်းကိုလိုအပ်နေတယ် နင်နဲ့ငါ့အတွက် အဝတ်ကြမ်း၂စုံဝယ်ပြီး
ဒီလိပ်စာအတိုင်းအမြန်လာခဲ့ပါလို့ ပြောရင်း
ကျမဖုန်းကို ပိတ်ချလိုက်ပါတော့တယ်ရှင်။
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner