Friday, June 11, 2010


ပန်နဒေါလ် နှစ်လုံးအစွမ်းကြောင့် ကိုယ်လက်နာကျင်တာတွေပျောက်ပြီး ခေါင်းတစ်ခုလုံး ကြည်လင်နေပါတော့တယ်။



ဇာတ်လမ်းစပြီ ဆိုတဲ့ပုံစံနဲ့ ကျမလက်ထဲကို အိမ်ဖုန်းလှမ်းပေးတဲ့ မလတ်ကို ဖုန်းကိုလက်နဲ့ပိတ်ထားပြီး ဘာဖြစ်လဲလို့ဆိုတဲ့ မျက်နှာအမူအရာနဲ့ မေးတဲ့ကျမကို အန်တီကို မေးပါလို့ ပါးစပ်လှုပ်တယ် ဆိုရုံ ပြန်ပြောပါတယ်။ ကျမလဲ စိတ်ဝင်တစားနဲ့ အန်တီ... မမ... ပါလို့ အသံပေးလိုက်တော့ ပြာနှောက် နေတဲ့ အသံနဲ့ သမီး ခဏလောက် လာခဲ့ပါလားကွယ်လို့ ခေါ်ပါတယ်။ ကျမစိတ်ရှုပ်စွာ မလတ်ကိုလှည့်ကြည့်တော့ ညဝတ် အကျီလဲပြီးလို့ သွားဖို့အဆင်သင့် ဖြစ်နေပါပြီရှင်။



အိမ်ငှါးပြီဆိုရင် ဦးတဲ့သူက ရေချိုးခန်းအိမ်သာတွဲရက် အခန်းကို မက်ကြပါတယ်။ အခု အဒေါ်နဲ့သူ့သမီးက အဲဒီအခန်းကိုယူထားပါတယ် နောက် ညီမဝမ်းကွဲ လက်ရှိနှစ်ယောက်က ရိုးရိုးအခန်းတစ်ခန်း ကျန်တဲ့ နှစ်ယောက်က ကျောင်းတက်ဖို့ ရန်ကုန်ကနေ ရက်ပိုင်းအတွင်းရောက်မှာ လက်ရှိမှာတော့ သူတို့
လေးယောက်ပဲ ဒီအိမ်ကြီးမှာရှိပါတယ်။ ကျမတို့ ရောက်သွားတဲ့အချိန်မှာတော့ အချိန်မတော်ကြီးဖြစ်နေတာကြောင့် ဘဲလ်မတီးပဲ ဖုန်းခေါ်လိုက်တယ်ဆို အန်တီက တံခါးလာဖွင့်ပေးပါတယ်။



လေးယောက်စလုံး ထိပ်ထိပ်ပြာပြာပုံစံတွေနဲ့ပါ။ ကျမကအန်တီအနားမှာ ဝင်ထိုင်ရင်း ဘာဖြစ်လဲအန်တီလို့မေးတော့.....

သူတို့ ရောက်ကတည်းက ပစ္စည်းတွေ စီစီရီရီဖြစ်အောင် နေရာချတယ် ထမင်းချက်တယ်။ ကိုယ့်အခန်းမှာ ကိုယ်ဖာသာကို လုပ်နေကြတယ်ပေါ့ ဆယ်နာရီမှာတော့ ထမင်းအတူတူစားကြတယ်တဲ့။ အန်တီအခန်းက ဘီဒိုတွေက အနံ့အသက်တွေ သိပ်မကောင်းလို့ ဆေးတွေဖြန်းသန့်ရှင်းရေး လုပ်ပြီးဘီဒိုတွေဖွင့်ထားရင်

အနားမှာ ပလပ်စတစ်ဖျာလေးခင်းပြီး အကျီတွေကို ညီညီညာညာ ခေါက်ထားပါတယ်။ သုံးနှစ်လုံးလုံး ကျမတို့နဲ့ မတောင့်မတ နေလာရတော့ သူတို့လေးယောက်ထဲ အိမ်ကြီးက မတရားကျယ်ပြီး စိတ်ခြောက်ခြားတဲ့ အတွက် အခန်းတစ်ခန်းထဲမှာပဲ ဒီည မွေ့ယာတွေချခင်းပြီး အိပ်ဖို့ဆုံးဖြတ်လိုက်ကြရင်း ည ၁၁ နာရီလောက်မှာ အိပ်ယာဝင်ကြပါတယ်။



တစ်အိမ်လုံးမီးတွေပိတ်ပြီး သူတို့အခန်းမီးကိုတော့ ဖွင့်ပြီးအိပ်တယ်လို့ ပြောပါတယ်။ ညသန်းခေါင် ၁၂ နာရီလောက်ကနေစပြီး ပစ္စည်းတွန်းသံ ရွှေ့ သံတွေကြောင့် သူတို့တစ်တွေ လန့်နိုးလာတယ်လို့ ဆိုပါတယ်။ သူတို့ စိတ်ထဲမှာအပေါ်ထပ် ဒါမှမဟုတ် ဘေးအိမ်ခန်းက အချိန်မတော်ကြီးလို့ တွေးနေတုန်းမှာပဲ အချိန်မတော် ဘဲလ်တီးတဲ့အတွက် သူတို့တံခါးနားကို စုပြုံသွားပြီး ချောင်းကြည့်ပေါက်က ကြည့်တဲ့ အချိန်မှာတော့ သုံးဆယ်ကျော် လေးဆယ်နီးပါး စလုံးတရုတ်မ တစ်ယောက် အလွန်စိတ်ဆိုးနေတဲ့ဟန်နဲ့ အဆက်မပြတ် သူတို့မဖွင့်မခြင်း တီးနေပါတော့တယ်။



ညီမဝမ်းကွဲက ဦးဆောင်ပြီး တံခါးကိုဖွင့်ပါတယ်။ အဒေါ်ကတော့ နိုင်ငံရပ်ခြားမှာရယ် ဒီအိမ်မှာ သူဦးဆောင်ရတော့မှာကို တွေးပြီး အလွန်အမင်းစိတ်ဓါတ်ကြ နေတယ်လို့ ဆိုပါတယ်။ ညီမဝမ်းကွဲ တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ စလုံးမက သူအောက်ထပ်မှာနေတာ အဲဒီလောက်ဆူညံနေရင် သူဘယ်လိုအိပ်မလဲ
မနက်ဘယ်လိုရုံးသွားမလဲ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သတိပေးတာပဲ နောက်တခါအသံထွက်တာနဲ့ သူ...ရဲကိုခေါ်ဘို့ အဆင်သင့်ပဲလို့ ကြိမ်းမောင်းပါတော့တယ်။ ညီမဝမ်းကွဲက သွက်လက်ချက်ချာစွာနဲ့ လင်းရှင်းနေတဲ့သူတို့ ဧည့်ခန်းကို လက်ညိုးထိုးပြပြီး ငါလဲကုမ္ပဏီဝန်ထမ်း တယောက်ပါပဲ မနက်အလုပ်သွားဖို့အတွက် အိပ်နေခဲ့တာပါပဲ ဒီအသံတွေကြောင့် ငါတို့လန့်နိုးလာတာပါ သေချာတာက အဲဒီအသံတွေ ငါတို့အိမ်ကဆိုရင်တောင် ငါ့တို့လုပ်တာမဟုတ်ဘူး ဆိုတာပဲ ငါ့တို့မှာရွှေ့စရာ

ဘာပစ္စည်းတခုမှမရှိဘူး နင်ဝင်ကြည့်နိုင်ပါတယ် အမျိုးသမီးလေးယောက်တည်း နေတာပါလို့ ပြောတဲ့ ညီမ စကားကြောင့် အဲ့ဒီ အမျိုးသမီးက ဧည့်ခန်းထဲအထိဝင်ပြီး ဟိုကြည့်ဒီကြည့်ကြည့်ရင်း တစ်ခုခု မှားနေတာပေါ့လို့ ပြောပြီး သူတို့ကို အိမ်ရှင်ကို အကြောင်းကြားသင့်တယ်လို့အကြံပေးရင်း စိတ်ရှုပ်စွာ နှုတ်ဆက်ပြီး ထွက်သွားတယ် လို့ဆိုပါတယ်။



သူတို့လဲ မီးတွေပိတ်အခန်းထဲဝင်ပြီး အိပ်ဖို့လုပ်တော့ ညီမငယ်က အခန်းမီးပါ ပိတ်ခိုင်းပါတယ်တဲ့ မီးလင်းနေတဲ့
အတွက် သူအိပ်လို့မရကြောင်းပြောတော့ အားလုံးသဘောတူ မီးပိတ်လိုက်တဲ့ အချိန်မှာတော့ ရေချိုးခန်း အိမ်သာပါတဲ့ အခန်းကမီးလင်းနေကြောင်း တအံ့တသြ တွေ့လိုက်ရလို့ သူတို့ထွက်မပိတ်ရဲတော့ပဲ အိပ်ဖို့လုပ်ပါတယ်။ အိပ်မပျော်တဲ့ အတွက်အားလုံး အိပ်ယာထဲမှာ မီးပိတ်ပြီး ငြိမ်သက်နေတဲ့အချိန်မှာပဲ
အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းပမ်းတနည်း ငိုရိုက်သံကို ကြားရပါတော့တယ်။ အားလုံး တစ်ယောက်လက်ကို တစ်ယောက်ဆုပ် ကိုင်ထားရင်း မှောင်ထဲမှာစုထိုင်နေရင်းက သူတို့ရဲ့ အခန်းတံခါး အပြင်ဘက်ကို စူးစိုက်ပြီး ကြည့်နေကြတုန်းမှာပဲ သိပ်ကို ချောမောလှပပြီး ၀မ်းနဲစွာငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နာတစ်ခုကို အခန်းတံခါးက မှန်ကွက်ထဲမှာ ပြိုင်တူတွေ့လိုက်ရတဲ့ အချိန်မှာတော့ ကျမတို့
ကိုဖုန်းဆက်ပြီး အဖေါ်အဖြစ် လုပ်ပေးဖို့ ခေါ်ရခြင်းဖြစ်ပါတယ်တဲ့ ရှင်။



ကျမတို့ရောက်တဲ့ အချိန်မှာတော့ အရာအားလုံးက တိတ်တိတ် ဆိတ်ဆိတ် ပါပဲ ကျမတို့လဲ ဘာပြောရမှန်းမသိပါဘူး ဒီလိုအချိန်မတော်ကြီးမှာလဲ မစ္စတာအန်းနဲ့ သေဆုံးသွား တဲ့သူ့ဇနီးအကြောင်း ကိုပြောပြလို့ မဖြစ်နိုင်ပါဘူး။ အန်တီတို့ လူနည်းလို့ ရယ် ရောက်ခါစ နေသားမကျသေးလို့ပါ သွားသွားအိပ်ကျတော့လို့ ညီမငယ်သုံးယောက်ကို အိပ်ခိုင်းလိုက်ရင်းအန်တီ ကျမနဲ့ မလတ်ကတော့ ဘုရားခန်းမှာပဲအိပ်လိုက်ရင်း တစ်ညတာကို ကုန်ဆုံးစေခဲ့ပါတယ်။ မနက်ငါးနာရီထိုးခါနီးအချိန်မှာတော့ ကျမနဲ့မလတ် အန်တီကိုနှုတ်ဆက်လို့ ပြန်လာခဲ့ပါတယ်။ အားလုံးအလုပ်သွား ကျောင်းသွားတဲ့ အချိန်မှာတော့ အဲဒီအိမ်ကြီးကို ပိတ်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့ အန်တီက ကျမတို့အိမ်မှာလာနေခဲ့ပါတယ်။



ဒီလိုနဲ့ ရန်ကုန်ကလာမဲ့သူတွေက နောက်ကိုတစ်ပတ်ထပ်ဆုတ် လိုက်တာကြောင့် ကျမတို့အန်တီအတွက် စဉ်းစားရပါတော့တယ်။ ဒီအချိန်မှာပဲ ကံကောင်းထောက်မစွာ မြန်မာပြည်က ဆရာတော်ကြီးတစ်ပါးနဲ့ အဖေါ်ဖြစ်သူနှစ်ယောက် ဆရာတော်ကြီးကျန်းမာရေးအတွက် အရေးပေါ်စင်္ကာပူကိုရောက်လာပြီး နေစရာအခက်အခဲဖြစ်နေတဲ့အတွက် ကျမကိုအကူအညီ တောင်းပါတော့တယ်။ အန်တီကဝမ်းသာအားရ လက်ခံတယ်ဆိုရင်ပဲ ရေချိုးခန်းအိပ်သာပါတဲ့အခန်းကို ရှင်းလင်းပြီး ဆရာတော်ကြီးအတွက် ပါလာမဲ့ဧည့်သည် တွေအတွက်ဝိုင်းဝန်းပြီး ပြင်ဆင်ကြပါတော့တယ်။ ဆရာတော်ကြီး ကလည်း အရေးပေါ်ခွဲစိတ်ရမှာ ဖြစ်တဲ့အတွက် ၂ရက်ပဲအိမ်မှာနားပြီး ဆေးရုံတန်းတက်ရမှာ ဖြစ်တဲ့အတွက် အန်တီက အိမ်တက်လဲဖြစ် ပရိတ်လဲရွတ်ချင်တဲ့ အတွက်ကြိုတင်ပြင်ဆင်ပါတော့တယ်ရှင်။



အဲ့ဒီမနက်မှာတော့ တော့ အိမ်တစ်ခုလုံး လူသံသူသံတွေနဲ့ ဆူညံနေကြရင်းကပဲ ဆရာတော်ကြီးက ငါးပါးသီလနဲ့ တရားတော်များကို ရွတ်ဖတ် သရဇယ်ပါတော့တယ်။ အဲဒီအချိန်က အိမ်အနေအထားလေးကို ပြောပြချင်ပါတယ် ဧည့်ခန်းရဲ့ ဘုရားစင်ဘက်ရှေ့ဆုံးမှာ ပရိသတ်ဘက်ကိုလှည့်ပြီး ဆရာတော်ကြီးက ငါးပါးသီလ ပေးပါတယ်။ လူတစ်ဆယ့်နှစ်ဦးလောက်က ရှေ့ဘက်မှာစုပြီးထိုင်ပါတယ် အန်တီက ခြေထောက်မကောင်းလို့ ကြွေပြား
ပေါ်မှာ အကြာကြီးထိုင်လို့ မရတဲ့အတွက် နောက်ဖက်ဆုံးမှာ ခြေထောက်တစ်ဖက်ကိုဆင်းပြီး ထိုင်ရရှာပါတယ် ကျမကတော့ အန်တီနဲ့ မလှမ်းမကမ်းမှာ ထိုင်လို့ထလို့ရအောင် သူများတွေ အတွက် အနှောက်အယှက် မဖြစ်အောင် ထိုင်ပါတယ်ရှင်။ ကျမတို့ အိမ်မကြီးတံခါးကို ဖွင့်ထားပါတယ် ဧည့်သည်လာရင်

ထမဖွင့်ပေးရအောင်ပါ၊ တယ်လီဖုန်းကိုတော့ ကျမအနားမှာရွေ့ထားပါတယ် အိမ်ရှာတဲ့သူတွေကို အလွယ်တကူ ဖြေရအောင်ပါ။



ကျမတို့ ငါးပါးသီလခံနေတုန်းမှာပဲ အမျိုးသမီး တစ်ယောက်ဝင်လာပြီး ကျမနဲ့အန်တီရဲ့ ကြားနေရာ အတော်လွတ်လွတ်မှာ ထိုင်ပါတယ် ကျမကမျက်လုံးကိုစုံမှိတ် လက်နှစ်ဖက်ကိုယှက်ပြီး ငါးပါးသီလ ခံယူနေတဲ့အတွက် ဘယ်သူလဲမကြည့်တော့ပါဘူး။ မွေးပျံ့လွန်းတဲ့ ရှယ်နယ်ဖိုက်ရေမွေး နံ့ကြောင့်သာ
စိတ်ကနည်းနည်း ဆန်းကျယ်လွန်းစွာ မျက်လုံးကိုဖွင့်ပြီး ဦးခေါင်းမလှုပ်ပဲ ငုံလျှက်အတိုင်းစ ပ်စုတယ်ဆိုရင် သိပ်ကိုလှပလွန်းတဲ့ ဂါဝန်ဖြူဖြူလေးက အဝါနုနုလေးပြေးတယ်ဆိုယုံ ပါးပါးလျားလျားလေးပါ
ကျမ ကပေါက်တိ ကပေါက်ချာ လိုက်ဆိုရင်း စဉ်းစားပါတယ်။ ဘယ်သူလဲ မြန်မာမဟုတ်တာသေချာတယ် ဒီဂါဝန်မျိုးကို ဒီလိုအချိန်ဒီလိုနေရာမျိုးကို ဘယ်သူကများ ဝတ်လာသလဲ ဂေါက်တော့ ဂေါက်ပဲလို့
အကုသိုလ်စိတ်က တိုးဝင်လာရင်း ရယ်ချင်နေပါတယ်။



အဲဒီအချိန်မှာပဲ အိမ်ဖုန်းကမြည်လာတဲ့ အတွက် ဖုန်းကိုအမြန်ကောက်ကိုင်သူများတွေ အနှောက်အယှက် မဖြစ်အောင် ခေါင်းကို ငုံ့လို့တိုးတိုးနဲ့ လမ်းညွန်ပါတယ် ကျမစိတ်ထင် ခုနှစ်မိနစ်ထက် ပိုမယ်မထင်ပါဘူး။ ဖုန်းကိုပြန်ချရင်း ရတဲ့အခွင့်အရေးကိုလက်လွတ်မခံပဲ ဘေးဘီကို စပ်စုတော့ အခုနအမျိုးသမီးကို ကြည့်တော့ မရှိတော့ပါဘူး။ ကျမတစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထရင်း အန်တီကိုအကူအညီရလို့ရငြားကြည့်တော့ အန်တီကမျက်ရည်ပေါက်ပေါက်ကြရင်း သူ့ကိုထူမပေးဖို့ အမူအရာနဲ့ဆိုပါတယ် ကျမအလျှင်အမြန် အန်တီကို တွဲထူပေးလိုက်ရင်း အခန်းထဲကို ခေါ်လာခဲ့တယ်ဆိုရင် အန်တီကငိုပါတယ် အမျိုးသမီးတစ်ယောက်အနားမှာလာ ထိုင်တာတွေ့လားလို့ ကျမကိုမေးပါတယ် ကျမကသိတယ် ကျမခိုးကြည့်တော့ ဂါဝန်အဖြူလေးနဲ့ ဘယ်သူလဲ ဘယ်ရောက်သွားတာလဲလို့ကျမမေးတော့ အန်တီက ကျမကိုဒီလိုပြောပြပါတယ်။



မမရယ် သူဝင်လာထဲက အန်တီတွေ့တာပါ အန်တီကိုပြုံးပြနူတ်ဆက်ပါတယ် အန်တီလဲ မမ ဒါမှမဟုတ် မလတ်သူငယ်ချင်းလို့ ထင်ခဲ့တာပါ သူကိုမြင်ဘူးတယ် ဆိုပြီးအန်တီက သေချာချာကြည့် နေတာ ဆံပင်က ဟိုးတုန်းက ဒိုင်ယာနာမင်းသမီးထားတဲ့ ဆံပင်ပုံစံတိုတိုလေး အထပ်အထပ်တွေနဲ့ပါ သူ့ဂါဝန်က အဖြူရောင်မဟုတ်ဘူး အဝါရောင်ဖျော့ဖျော့ လေးရယ် တော်တော့ကို ပိန်ပိန်ပါးပါး နဲ့ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ မမရယ် အန်တီတို့ဟိုနေ့က ညဘက်ကြီးအခန်းဝမှာတွေ့ တဲ့အမျိုးသမီးရဲ့ မျက်နှာနဲ့တပုံစံထဲပါ မမဖုန်းကိုင်တော့ သူထထွက်သွားတာပါပဲလို့ ပြောရင်းငိုပါတော့တယ်။ ကျမအံ့သြလွန်းကြီးစွာ နဲ့ ကြက်သေသေ နေမိပါတော့တယ်ရှင်..။

ဆက်ရန်

Tuesday, June 8, 2010

တမလွန် က အဖြူရောင် သံယောဇဉ်( ၃ )


ဖုန်းကို ပါဝါပိတ်လိုက်ပြီးနောက်မှာတော့ ကျမ အယ်ဗင်နဲ့ အပေါ်တက်ဖို့ လုပ်ပါတယ်။ အယ်ဗင် လျင်တာလောက်ကတော့ ကျမက အိပ်နေသလောက်ရှိပါတယ်။ သူဖုန်းတစ်ခုကို လှမ်းခေါ်ပြီး တရုတ်လိုပြောပါတယ်။ နားရည်ဝနေတဲ့ တရုတ်စကားရယ် အမူအရာ ဘာသာစကားရယ် ပေါင်းလိုက်ရင် သူဒီနေရာကပြေးဘို့ အကြံထုတ်နေပြီဆိုတာ ကျမသိတာပေါ့။ ထားလိုက်ပါ အဲဒါသူ့အပိုင်းလေ ကိုယ့်ကိစ္စက ကိုယ့်လုပ်မှ ကိုယ်အဆင်ပြေမှာလေ။
စာချုပ်ချုပ်ပြီးထဲက မရောက်ဖြစ်တဲ့ မစ္စတာအန်းရဲ့ဧည့်ခန်းကို ကြည့်ပြီး ကျမ စိတ်ဓါတ်မကျတော့ပဲ ဘယ်လိုနည်းနဲ့ အကောင်းဆုံးရှင်းထုတ် ရမလဲဆိုတာ စဉ်းစားပါတယ်။ ကျမကိုပြူးတူပြာတာ နဲ့တောင်းပန်တဲ့ မစ္စတာအန်းကို....... ငါနင့်ကိုစိတ်ဆိုးဖို့ လာတာမဟုတ်ဘူး......ကူညီပေးဖို့ပါလို့ ပြောလိုက်တယ်။ အယ်ဗင်ကတော့ ဖုန်းတွေတဂွမ်ဂွမ် လာနေပြီ ပွဲစားတွေရဲ့ ထုံးစံအတိုင်း ၁၀မိနစ်အတွင်းရောက်မယ် ဘာညာကွိကွ ကျမကြားလောက်အောင် အင်္ဂလိပ်ဘာသာစကား နဲ့ ပြောပါတယ်။ သူဒီနေရာက အမြန်ဆုံးလစ်ထွက်ဘို့ လုပ်နေတာ ကျမ မသိဟန်ဆောင်နေလိုက်တော့တယ်။
ဘဲလ်တီးသံကြားတော့ မလတ်လာပြီဆိုတာ ကျမသိလိုက်ပါတယ်။ အယ်ဗင်ကို ငါ့အစ်မလို့ပြောရင်း တံခါးဖွင့်ခိုင်းလိုက်ပါတယ်။ ကြိုးတွေအများကြီးသိုင်းထားတဲ့ ဒေါက်ဘိနပ် အနက်ရောင် ဂါဝန်ခရမ်းသီးရောင် ပေါင်လည်လောက် ကျမတို့အတော်ငယ်ငယ်က ၀တ်တဲ့ လက်မောင်းရင်းမှာဖေါင်းဖေါင်းလေး ကော်လာဝိုင်းဝိုင်းလေး နှစ်ထပ် ခါးမှာ ခါးပတ်အနက် ပြားလေးနဲ့ ခုခေတ်အခေါ် ကိုရီးယားဂါဝန်ပေါ့ ကျောလည်လောက် ဆံပင်ကောက်ကောက် ခွေခွေတွေ နဲ့ စတိုင်မလိုင်ပြည့် နေတဲ့ မလတ်ကို အယ်ဗင်က နင့်ညီမလား အစ်မလားလို့ မေးပါတယ်။ အစ်မလို့ ကျမတိုတိုတုတ်တုတ် ဖြေရင်းမလတ်က အယ်ဗင်ကို ပြုံးပြနှုတ်ဆက်ပြီး ကျမအနားကိုတဒေါက်ဒေါက်လျှောက်လာပါတယ်။ မလတ်က...... မမဘာတွေဘယ်လိုဖြစ်တာလဲ.... ဒီအိမ်က.... ဒီနေ့တက်ရမယ် အိမ်မဟုတ်လား..... လို့ ကျမကို လေပြေနဲ့မေးပါတယ်။ ကျမက.......ဟုတ်တယ်မလတ်...... အိမ်ပိုင်ရှင်ကသူပဲ.....လို့ မစ္စတာအန်းကို နဲ့ မိတ်ဆက်ပေးတော့ မလတ်ကလက်ဆွဲနူတ်ဆက်ပါတယ်။
ဟဆ တစ်အိမ်လုံးကိုဝေ့၀ိုက်ကြည့်ရင်း...... သူမသိမ်းနိုင်တာပေါ့ ဟုတ်လားမမ.... ငါအိမ်ပြောင်းပေးတဲ့ကုမ္ပဏီကို...... အခုဖုန်းဆက်ပေးမယ်.... ကားလူအပြီးအစည်း ၂၅၀လို့ ကျမကို မြန်မာလိုပြောပါတယ်။ ကျမက သူ့ကို လက်ဆွဲခေါ်သွားပြီး သတင်းစာတွေ အပြည့်နဲ့အခန်းကို အရင်ဖွင့်ပြပါတယ်။ မလတ်က အလွန်အမင်းအံ့သြလွန်းစွာ နဲ့ အဲဒါတွေ အဲဒါတွေလို့ စကားထစ်နေတုန်းမှာပဲ ဖရက်ဒီအခန်းကို ဖွင့်ပြလိုက်ပါတယ် နံရံပြည့်ပန်းချီကားကြီးကို ကြည့်ရင်း အရာအားလုံးကို ခံစားနားလည်မိတဲ့ ပုံနဲ့ ကျမတို့နောက်နားမှာရပ်နေတဲ့ မစ္စတာအန်းကို..... ဒီပုံဟာ နင့်ရဲ့ ဆွိဟတ်လို့ ငါယုံကြည်တယ်.... သူဟာ နင့်ဘ၀တစ်လျှောက်လုံး ကူညီပေးသူပဲ ခုချိန်ကစပြီးနင်စိတ်ချလက်ချနေပါတော့... သူကူညီပါလိမ့်မယ်....လို့ မလတ်ကပြောပါတယ်။ အယ်ဗင်ကကျမတို့ညီအမ နှစ်ယောက်ကိုကြည့်ရင်း မစ္စတာအန်းကို တရုတ်လိုပြောပါတယ်။ မစ္စတာအန်းကလဲစိတ်လို့ လက်ရခေါင်းငြိမ့်ပြန်ပြောပါတယ် ပြီးတော့လိုအပ်တာရှိရင် သူကို့ဖုန်းခေါ်နိုင်တယ်လို့ ပြောပြီး ကျမတို့ကိုနှုတ်ဆက်ပါတော့တယ်။ ကျမက မလတ်ကို အားနာစွာနဲ့ ဟုတ်တယ်မလတ် သူလိုအပ်တာ အလုပ်သမား မဟုတ်ဘူး အမေ၊ဇနီး၊သမီးလို မိန်းမတစ်ယောက် သူလိုအပ်နေတာ တို့နှစ်ယောက် ကူညီရအောင်လို့ပြောရင်း မစ္စတာအန်းကို ငါတို့ဟာ.... နင့်ရဲ့သမီးနှစ်ယောက်ပါပဲ..... နင့်ပစ္စည်းတွေအားလုံးကိုမပျောက်မရှနဲ့
စနစ်တကျ အားလုံးသိမ်းပေးမယ်... အဲဒီခုံမှာထိုင်ပြီး လိုချင်တဲ့ပုံစံကို သာအမိန့်ပေးပါလို့ .....ကျမတို့ပြောလိုက်တယ်ဆိုရင်မစ္စတာအန်းက မျက်ရည်ဝဲနေတဲ့ မျက်လုံးတစ်စုံနဲ့ ကျမတို့ညီအမကို ငေးကြည့်နေပါတယ်။ ကျမက မလတ်လက်ထဲက အင်္ကျီထုပ်ကိုယူလို့ ရေချိုးခန်းထဲမှာ ဝင်လဲလိုက်ပါတယ်။ မလတ်ကိုတော့ဘာမှပြောမနေတော့ပါဘူး... ကျမပြန်ထွက်လာတော့ မလတ်က ကြိုးသိုင်းဒေါက်ဘိနပ်မဟုတ်တော့ပဲ နောက်မှာသူ့ခြေထောက်နဲ့ လက်သုံးလုံးလောက်ပိုထွက်နေတဲ့ အကြမ်းစီး ဂျပန်ဘိနပ်ကြီးတစ်ရံ စီးထားပြီးနေပါပြီ။ ဧည့်ခန်းထဲမှာ အပြားလိုက်ပုံချထားတဲ့ ကပ်ထူပုံးတွေကို ကျမကတိတ်ခွေတစ်ခွေ ပေးပြီး...... ငါ့ကိုပုံးဖြစ်အောင်လုပ်ပေးပြီးရင် ပစ္စည်းထည့်ပြီးသားတွေ နင့်ဆီပြန်လာတွန်းပို့မယ် တိတ်နဲ့ အပေါ်အောက်သေချာပြန်ကပ်ပေးလို့ ကျမကပြောပါတယ်။ လောလောဆယ် ဧည့်ခန်းထဲမှာ သူဖြန့်ကျဲထားတဲ့ ဓါတ်ပုံစာအုပ်တွေနဲ့ ပန်းချီကားတွေကို စနစ်တကျတစ်ခုခြင်း သတင်းစာတွေနဲ့ပတ်ပြီး ကပ်ထူပုံးတွေထဲကို ကျမကထည့်ပါတယ်။ မစ္စတာအန်းက ကပ်ကျေးသေးသေးလေးနဲ့ ဆုံလည်ကုလားထိုင်လေးကနေ မလတ်ကို တိတ်တွေညှပ်ပေးပါတယ်။ ကပ်ထူပုံးကြီး သုံးပုံးပြည့်သွားတဲ့ အချိန်မှာတော့ ဧည့်ခန်းတစ်ခုလုံး ရှင်းလင်းသွားပါတော့တယ်။ မလိုအပ်တဲ့ အမိုက်တိုအမိုက်စတွေကို ကြွပ်ကြွပ်အိတ်ထဲထည့်ပါတယ်။
အချိန်ကိုက်ပဲ သတင်းစာဝယ်တဲ့သူတစ်ယောက်ကပွမ်ပွမ် နဲ့ အိမ်ရှေ့မှာအချက်ပေးသံကြား တဲ့အတွက် မလတ်ကထွက်ခေါ်ပါတယ်။ အဲဒီလူကို အခန်းဖွင့်ပြလိုက်တဲ့အချိန်မှာတော့ တအံ့တသြနဲ့ သူ့လူနှစ်ယောက်ကို ဖုန်းဆက်ခေါ်ပါတယ်။ မစ္စတာအန်းက သူလိုချင်တဲ့သတင်းစာ အစောင်နှစ်ဆယ်လောက် ကျမကိုကပ်ထူပုံးထဲထည် ခိုင်းပါတယ်။ ကျမပစ္စည်းတွေ သိမ်းနေတဲ့အချိန် မလတ်ကပုံးဆယ်ပုံးလောက် လုပ်ပြီးထားပါပြီ မစ္စတာအန်းကို လိုက်ကာတွေကော ယူသွားမှာလားလို့ မေးပါတယ်။ နင်တို့သုံးပါလို့ပြန်ဖြေတဲ့အတွက် တအိမ်လုံးက လိုက်ကာတွေကို ခုံနဲ့တက်ဖြုတ်ပြီး အဝတ်လျော်စက်ထဲကို ထည့်လျှော်ထားလိုက်ပါတယ်။
သတင်းစာတွေ ရှင်းသွားတဲ့အချိန်မှာတော့ နံရံကပ်ဘီဒိုကြီးတွေကို မြင်ရပါတော့တယ်။ မစ္စတာအန်းရဲ့ အင်္ကျီတွေ ယူနီ
ဖေါင်းတွေ ဦးထုပ်တွေ သူ့နေရာနဲ့သူ စီစီရီရီချိတ်ထားပြီး ဖုန်တွေ အလိမ်းလိမ်း တက်နေပါတော့တယ်။ သူဟာကျမကို အဝတ်အစားထည့်တဲ့ အကောင်းစား ခရီးဆောင်အိတ်ကြီးတစ်လုံး ကိုလက်ညိုးညွန်ပြတယ် ဆိုရင် ကျမက အင်္ကျီချိတ်တွေအတိုင်း အလယ်က ခေါက်ချိုးချိုးချလိုက်ပြီး ခရီးဆောင် အိတ်ကြီးထဲကိုထည့်ပါတယ်။ ဗီဒိုအံ့ဆွဲတွေအပြည့် တိုလီမိုလီတွေကိုတော့ စက္ကူပုံးထဲကိုထည့်ပြီး မလတ်တို့ဆီကို အရောက်တွန်းပို့ရပါတယ်။ ၁၂နာရီကျော်လောက် မှာတော့ မလတ်က နေ့လည်စာစားချိန် လို့အော်ပါတော့တယ် အမှိုက်ထုတ်တွေကလဲ အထုတ် ပေါင်းများစွာဖြစ်နေပါပြီ။ မလတ်က.... ငါတစ်ခုခုဆင်းဝယ်မယ်.... ပြီးရင်အောက်မှာ အလုပ်သမား....ကုလားနှစ်ယောက်ရှာခဲ့မယ်လို့ပြောပြီး ဂျပန်ဘိနပ်ကြီးနဲ့ပဲ ဆင်းသွားပါတယ်။ ၁ဝမိနစ်လောက်ကြာတော့
ဘင်္ဂလားနှစ်ယောက်နဲ့ မလတ်စားစရာတွေ နဲ့ပြန်ရောက်လာတယ်ဆို မစ္စတာအန်းကို လေးထောင့် စားပွဲလေးပေါ်မှာ နေ့လည်စာပြင်ဆင်ပေးပါတယ် ကြက်သားဆန်ပြုတ် နဲ့ သောက်ရေတစ်ခွက်ပါပဲ ကျမတို့ညီအမ ဘူးဖွင့်ပြီး ဒီအတိုင်းစားပါတယ်။ အမှိုက်ထုပ်တွေ ကို အလုပ်သမားနှစ်ယောက်ကို အောက်မှာလွှင့်ပစ်ခိုင်းရင် ပြန်တက်ခဲ့ဦး အများကြီးရှိသေးတယ်လို့ ပြောပါတယ်။ သတင်းစာတွေရှိတဲ့ အခန်းက စားပွဲအဟောင်းနှစ်လုံး ကုလားထိုင်နဲ့ ဖြုတ်ပြီး သိမ်းထားတဲ့ တစ်ယောက်အိပ်ကုတင်နဲ့ မွေ့ယာခေါင်းအုံးအဟောင်းတွေ အလုပ်သမားနှစ်ယောက်ကို သယ်သွားခိုင်းတဲ့ အချိန်မှာတော့ အခန်းထဲမှာ နံရံကပ်ဘီဒိုနဲ့စာကြည့်စားပွဲ တစ်လုံးပဲကျန်ပါတော့တယ်။
အဲဒီအခန်းထဲက အမှိုက်တွေ ထဲမှာ သူအသက်၂၀လောက်ကတည်းက အပတ်စဉ်ထိုးထားတဲ့ ဖိုးဒီ၊ တိုတိုနဲ့ ထီလက်မှတ်တွေကို စနစ်တကျ တစ်နှစ်စာစီ သားရေပင်တွေနဲ့စီးထားတဲ့ အထုတ်ပေါင်းများစွာတွေ့ ရပါသေးတယ်။ ဧည့်ခန်းထဲက ဆိုဖါအနက်ကြီး တီဗီ အဟောင်းကြီးနဲ့ ခုံအဟာင်းတွေကိုလည်း အလုပ်သမားနှစ်ယောက်ကို ပစ်ခိုင်းလိုက်ပါတယ်။ ဖရက်ဒီအခန်းကတော့ နံရံကပ်ဘီဒိုထဲက အ၀တ်အစားတွေကို ခုနကပုံစံ အတိုင်းသိမ်း စီဒီချပ်တွေနဲ့ တိုလီမိုလီတွေကို စက္ကူပုံးတွေနဲ့ သိမ်းပေးလိုက်ပါတယ်။ ကားပစ္စည်းတွေများပါတယ်။ ပုံးထဲကိုပစ္စည်းတွေပြည့်တာ နဲ့ကျမက စာအုပ် အင်္ကျီ စီဒီချပ် တိုလီမိုလီ လို့ အမျိုးအစားလိုက် ပစ္စည်းပုံးကြီးကို ဧည့်ခန်းရောက်တဲ့အထိ အော်ရင်းတွန်းပို့ရပါတယ် ကျမအော်တာကို မလတ်က တဆင့်ပြန်အော်ရင်း မစ္စတာအန်းကိုသူ့လက်ရေးနဲ့ မှတ်ခိုင်းပါတယ်။ အခန်း၂ခန်းရှင်းလို့ပြီးသွားတဲ့ အချိန်မှာ ကျမအတော်မောနေပါပြီ။ ဘေးအိမ်က အဒေါ်ကြီးနှစ်ယောက်ရောက်လာပြီး ကျမတို့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပါတယ်။ အဒေါ်ကြီးတစ်ယောက်က ကျမတို့ကို အမိုက်အိတ်အမည်တွေ အထုပ်ကြီးတထုပ်ဝယ်ပြီးပြန်လာပို့သလို တခြားအဒေါ်ကြီးတယောက်က ပေါက်စီပူပူနွေးနွေးတွေ တစ်ထုပ်ကြီးလာပို့ပါတယ်။ ငါ့တို့ သူ့အကြောင်းစဉ်းစားရင် အိပ်လို့မရဘူး ဘယ်လိုကူညီပေးရမှန်းလဲမသိဘူး ကျေးဇူးတင်ပါတယ်လို့ စိတ်လိုလက်ရ ထပ်ပြောပါတယ်။ ကျမခေါင်းမှာပေါင်းထားတဲ့ မျက်နှာသုတ်ပုဝါက ညစ်ပတ်ပေရေနေသလို ကျမတစ်ကိုယ်လုံးလဲ ဖုန်အလိမ်းလိမ်းနဲ့မြင်လို့ မကောင်းတော့ပါဘူး။ သူ့အမျိုးသမီးနေခဲ့တဲ့ အခန်းထဲကိုတော့ ကျမတို့သုံးယောက်စလုံးဝင်ပါတယ် မလတ်ကတော့ စတင်စပ်စုတော့တာပဲ တစ်နှစ်နီးပါး လူမမာတစ်ယောက်နေသွားတဲ့ အခန်းက အခုရှစ်နှစ်နီးပါးရှိနေတာတောင် လူမမာနံက ရနေတုန်းပါပဲ အသဲကင်ဆာလို့သိပြီး ကိုးလကြာတဲ့အချိန်မှာ ဒီအခန်းလေး မှာသေဆုံးသွားတယ်လို့ သူပြောပါတယ် ကွယ်လွန်ချိန်မှာ အသက်လေးဆယ့်နှစ်နှစ် ပဲရှိပါသေးတယ်တဲ့။ သူ့နဲ့ သူ့သားလေးအပေါ်မှာ အလွန်ကိုတာဝန်ကျေ ချစ်မြတ်နိုးပြီး သိပ်ကိုချောမောလှပတဲ့ လိမ္မာတဲ့ ဇနီးတစ်ယောက်လို့ သူဆိုပါတယ်။
သူသေဆုံးသွားတဲ့အချိန်ကစလို့ မစ္စတာအန်းက အလုပ်ကနေထွက်လိုက်ပါတယ်တဲ့။. အစိုးရအရာရှိကြီးတစ်ဦးဖြစ်ပြီး အခု အလွတ်သဘောမျိုးအလုပ်တွေ လက်ခံလုပ်ပေးနေတုန်းလို့ ဆိုပါတယ်။ သူမ မရှိတော့တဲ့အချိန်ကစပြီး ဒီအိမ်ကြီးကို ဘယ်လိုထိမ်းသိမ်းရမယ် ဒီပစ္စည်းတွေကို
ဘယ်လိုကိုင်တွယ်စောင့်ရှောက် ရမယ်သူမသိပါဘူးတဲ့....အထက်တန်းကျောင်းသူ ဘဝတည်းက
သူနဲ့ရင်းနှီးခဲ့တဲ့ သူရဲ့ငယ်ချစ်ဖြစ်ပါတယ်တဲ့။ သူ့သားလေးတစ်ဆယ့် နှစ်နှစ်သားမှာ သေဆုံးသွားတာဖြစ်တယ်လို့ စီးကျလာတဲ့မျက်ရည်တွေသုတ်ရင်း ကြေကွဲစွာ ပြောပြပါတယ်။
ကျမကတော့ မလတ်လာပေးတဲ့စက္ကူပုံးတွေထဲကို ပစ္စည်းတွေကို တစ်ခုမကျန်အောင်ဂရုတစိုက် သတိထားပြီးထည့်ပါတယ်။ ကလစ်တွေ မိတ်ကပ်ဘူးတွေ ရေမွေးပုလင်းတွေနဲ့ တိုလီမိုလီတွေကတစ်ပုံး အကျီတွေခါးပတ်တွေက တစ်ပုံး ဆေးတွေအားလုံးကိုတော့ မစ္စတာအန်းကလွင့်ပစ်ခိုင်းပါတယ်။
မှန်တင်ခုံကြီးကိုတော့ အပြင်ကိုတွန်းပို့ထားပါတယ်
ဆေးထည့်တဲ့ အံ့ဆွဲအဆင့်ဆင့် ဖိုင်ဘာအံဆွဲကြီးနှစ်ခုကိုလဲ အပြင်တွန်းပို့ထားလိုက်ပါတယ်။
နံရံကပ်ပန်ကာကြီးကို အစွမ်းကုန်ဖွင့် တံခါးပေါက်တွေဖွင့်ပြီး အခန်းဖျန်းဆေးတွေ တရှူးရှူးလိုက်ဖြန်းရင် မမ ရေ.....ဘယ်လိုမှဖြတ်မရတဲ့ သံယောဇဉ်ကြိုးကို နင်ကဖြတ်ဖို့လုပ်တာ
နင်တရားခံပဲလို့ ပြုံးပြီးပြောပါတယ်။ သေချာတယ် နင်အိမ်က သရဲခြောက်သည် ဆိုသောအိမ်ကြီးပဲ မကြာမှီ..လာမည်..မျှော်ပဲ ဟိဟိလို့ အရည်မရ အဖတ်မရတွေ လျှောက်ပြောနေတဲ့မလတ်ကို ရော့ရော့ နောက်တစ်ပုံးလို့တွန်းပို့ ရင်း မလတ် အန်တီတို့ကိုပြောလို့မဖြစ်ဘူးနော် ကိုယ်ကျိုးနည်းကုန်လိမ့်မယ်လို့ ကျမကပြောတော့ ငါတို့ပြောစရာမလိုဘူး သူတို့ပြောတာနားထောင်ရမယ်လို့ မလတ် ပြောပါတယ်။ အခန်းသုံးခန်းပြီးတဲ့အချိန်မှာ အိမ်ရှေ့မင်းလမ်းနဲဧည့်ခန်းတခုလုံး ပုံးပေါင်း သုံးဆယ်ကျော်နေပါပြီ။ မီးဖိုချောင်က ကွဲစရာစ္စည်းတွေ အားလုံးကိုမလတ်က သတင်းစာတွေပတ်ပြီးထည့်ပါတယ် အိုးတွေခွက်တွေ နဲ့တင် စက္ကူပုံးကြီးလေးပုံးရပါတယ်။ ကျမကတော့ မလိုဘူးထင်တာတွေ အားလုံးကြွပ်ကြွပ်အိတ်တွေ ထဲထည့်ပြီးအမှိုက်ပစ်ပေါက်ကနေ ပစ်ချပါတယ် အချည်ရည်ထုတ် တစ်သျှူးထုတ် တခါသုံးဘူးတွေ ရေသန့်ဘူးအဟောင်းနဲ့ ပလပ်စတစ်ဘူးဟောင်း ကြက်ဥကဒ်တွေအားလုံး ပါပဲ။ နံရံကပ်ဘီဒိုတွေထဲက မုန့်ပုံးတွေကို မလတ်ကခုံနဲ့တက်ပြီး ချပေးပါတယ်။
မစ္စတာအန်းက အမှိုက်ပစ်အနက် အိတ်ကြီးထဲ အကုန်လွှင့်ပစ်ဖို့ထည့်တယ်ဆိုရင် မလတ်ကနှမြောစွာ မလွှင့်ပစ်ပါနဲ့ လို့ပြောပြီးခုံပေါ်ကဆင်းလာပြီးကြည့်ပါတယ် တန်ဖိုးကြီးမုန့်ဘူးတွေ အား ရက်ကျော်နေတာ ငါးနှစ်နီးပါးရှိနေတာကို အံ့သြလွန်းစွာ တွေ့ရပါတယ်။ အခုန ထမင်းစားရင်း ဖေါက်သောက်ခဲ့တဲ့ ဧည့်ခန်းထဲက ရေသန့်ဘူးခွံကို ကိုင်ပြီး သေသေချာချာကြည့်တော့ ရက်လွန်နေတာ ငါးနှစ်နီးပါး ရှိနေပါတော့တယ်ရှင်။ ရေခဲသေတ္တာထဲက အသားငါးတွေအားလုံ ငါးနှစ်နီးပါး ရက်လွန်နေပါပြီ။ အားလုံးကိုမစ္စတာအန်းကိုပြရင်း အမှိုက်ပစ်ပေါက်က ပစ်ချတာကျမလက်မောင်း တွေအောင့်နေပါပြီ။ ငါးနာရီမှာတော့စတိုခန်းထဲက ပါကင်ပုံးတွေအတိုင်း
အကုန်ထုတ်ဘူးခွံတွေအားလုံးလွှင့်ပစ်ပါတယ်။ အလုပ်သမားနှစ်ယောက်လံုံး အားတိုင်း အမှိုက်တက်တက်သယ်တာ အမောဖေါက်လုနေပါပြီ။ ငါးနာရီကျော်ကျော် မှာတော့ အမျိုးသမီးကြီးတစ်ယောက် တက်လာပါတယ် မစ္စတာအန်းရဲ့နှမဖြစ်ပါတယ် ထုံးစံအတိုင်းကျမတို့ကို ကျေးဇူးတင်စကားပြောပြီး သူဘယ်လိုမှမကူညီနိုင်
ခွင့်လွတ်ဖို့ပြောပါတယ်။ ဖုန်းဆက်ပြီးကားခေါ်တော့ နာရီဝက်လောက်အကြာ မှာအလုပ်သမားငါးဦးနဲ့ ထော်လီလေးစင်း ရောက်လာပြီး ကျမတို့ထုပ်ပိုးထားတဲ့ ပုံးတွေကို တိတ်အဝါကြီးတွေနဲ့ တဖြန်းဖြန်း ထပ်ကပ် လက်ဆင့်ကမ်းပြီး ထော်လီတွေပေါ်ဆွဲတင်သွားတာ နာရီဝက်လောက်မှာအားလုံးပြီး သွားပါတော့တယ်။ မစ္စတာအန်း နဲ့သူ့ညီမကို မလတ်က ပန်းချီကားကြီးဖြုတ်ဖို့ သတိပေးတယ်ဆို အဲဒီပန်းချီကားကြီးကို ကျမတို့အကူအညီနဲ့ ဖြုတ်ချပြီး တယုတယ သယ်ဆောင်ရင် ကျမတို့ညီအမကို နှုတ်ဆက်လက်ပြသွားပါတော့တယ်။ ကျမတို့ သန့်ရှင်းရေးခေါ်ထားတဲ့ မြန်မာအမျိုးသမီး ၂ဦးယောက်လာတဲ့အချိန်မှာတော့ ကျမ မလှုပ်နိုင်တော့ပါဘူး။ ညနေခြောက်နာရီခွဲမှာ အန်တီတို့ကားရောက်မယ်။ ကျမရေမိုးချိုးပြီးတဲ့ အချိန်မှာတော့ ပစ္စည်းတွေနဲ့အိမ်ပြောင်းလာတဲ့ အန်တီတို့က အိမ်ကြီးက ကောင်းလိုက်တာ နေရာကလဲရှယ်ပဲ အန်တီဈေးဝယ်တိုင်းငေးရတာ ဒီတိုက်ကြီးပေါ့ ကျေးဇူးတင်လိုက်တာလို့ပြောတဲ့ အသံကြားတဲ့အချိန်မှာတော့ ကျမနဲ့မလတ် အိတ်ဆွဲပြီးပြေးဖို့လုပ်ပါတော့တယ်။ အန်တီညကြမှ အေးဆေးပြန်လာမယ် သော့အပ်ပြီး နောက်လှည့်မကြည့်တော့တဲ့ကျမ အိမ်ရောက်တာနဲ့ ပန်နဒေါလ် နှစ်လုံးသောက်ချပြီး အိပ်လိုက်တာ....... မမ....မမ.... ထထ....ထထ ပြဿနာတွေ တော့ အလုံးလိုက်တက်ကုန်ပြီ.....ဆိုတဲ့ မလတ်အသံကြောင့် အိပ်ချင်မူးတူးနဲ့ကျမ လူးလဲထပြီး နာရီကြည့်တော့ နာရီပြန် ၁ချက် ရှိနေပါပြီ။

ဆက်ရန်

Monday, June 7, 2010

တမလွန် က အဖြူရောင် သံယောဇဉ်(၂ )


ကို့ ကိုယ်ကို စဉ်းစားမိရင် ကျမရယ်ချင်တာပဲ သိတော့တယ်။ ကျမဘာပဲ
လုပ်နေနေ ဘယ်တွေပဲရောက်ရောက် ကျမခေါင်းထဲကိုဝင်ဝင်
လာတာ မစ္စတာအန်းပါပဲ။ သူ့ကိုယ်သူတောင် အနိုင်နိုင် ရပ်တည်နေရတဲ့
ဘဝမှာ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အိမ်ထောင်ကြီးတစ်ခုရဲ့ ဒီပစ္စည်းတွေ
သူဘယ်လိုသိမ်းပြီး ဘယ်လိုသယ်ထုတ်မှာလဲ
ဆိုတာကိုပေါ့။ ကျမတို့စရံပေး စာချုပ်ချုပ်တဲ့ နေ့လေးကို ကျမပြန်ပြောပြမယ်
ပွဲစားက လူနောက် လူပျော် ခပ်ငယ်ငယ်ပါပဲ ပညာတတ်ကြီးမဟုတ်ပေမဲ့
ပွဲစားသက်ကတော့ရင့်တယ်။ ကျမနဲ့အတော်ခင်ပါတယ် အခုဟာက သူကဘလိုင်းကြီးရမှာလေ
အိမ်ငှါး၊ အိမ်ရှင်၊ အိမ် က အဆင့်သင့်ဥစ္စာ ကျမတို့ကထုံးစံအတိုင်း
အိမ်လခရဲ့ တစ်ဝက် အိမ်ရှင်က တစ်ဝက် သူက တစ်လစာအပြည့်ရမှာ ဒါလဲအကုန်လုံး သူရမှာ မဟုတ်ပါဘူး
ကုမ္ပဏီ ၀န်ထမ်းဖြစ်နေတော့ ကော်မရှင်တော့ များများရမှာပေါ့။ မစ္စတာအန်းအနေ နဲ့က
တစ်ခါမှ မငှါးဘူးတဲ့ သူဖြစ်နေတာရယ် ကျမတို့ ကနိုင်ငံခြားသား
ဖြစ်နေတာရယ်ကြောင့် သူ့နိုင်ငံသားပွဲစားတော့ ပါစေချင်မှာပဲပေါ့။ ညီမလေး က
အလုပ်သာရတာ ဘာကဒ်မှလက်ထဲမရောက်သေးဘူး ရောက်လဲ နှစ်ဆယ့်တစ်နှစ်ပြည့်ဘို့
လပိုင်းလောက်လိုနေသေးတော့ ကျမအမည်နဲ့ပဲ စာချုပ်ချုပ်ရမှာ လတိုင်းကျမဆီက လစာသွားမယ်။
ကျမက ကျမမိတ်ဆွေ ပွဲစားကိုနင် သူအမျိုးသမီးဘယ်မှာ ဆုံးတယ်
ဘာရောဂါနဲ့ ဆုံးတယ် ဘယ်လောက်ကြာပြီ ဆိုတာမေးပေးစမ်းပါ နော် ကျမ
မေးရမှာ စိတ်မကောင်းလွန်းလို့ ပါလို့ပြောပြီး ကျမတို့သုံးယောက်
ထိုင်နေတဲ့ လေးထောင့်စားပွဲလေးကနေထပြီး
မီးဖိုချောင်ကိုဝင်လာခဲ့တယ်။ သိပ်သပ်ရပ်ပြီး သိပ်ကိုစည်းကမ်းရှိတာပဲ
ပစ္စည်းထားသိုပုံတွေက နှစ်တွေကြာပြီး မတို့မထိဖုံတွေ
တက်နေတာကလွဲရင်ပေါ့။ ဘယ်လောက်အထိ စည်းစနစ်ကြီးသလဲဆိုရင်
ဂက်စ်မီးဖိုမှာနေ့စဉ် သုံးနေတဲ့ ဂက်စ်ဖွင့်တဲ့ ခလုတ်လေးတွေ အားလုံး
သင့်တော်တဲ့ ဗူးတစ်ခုခုက အဖုံးလေးတွေနဲ့ အစီအရီဖုံးအုပ်ထားပါတယ်။ ကေအက်ဖ်စီ
ဆိုင်ကပေးတဲ့ အချည်ထုတ်တွေကြီးပဲ ကြွပ်ကြွပ်အိတ်
အကြီးစားနဲ့ ဆယ်လုံးနီးပါးရှိပါတယ်။ သူစုဆောင်းထားတဲ့ ဈေးဝယ်လို့
ရတဲ့ကြွပ်ကြွပ်အိတ်တွေကတော့ဖြင့် ကျမတို့ တနှစ်စာအမှိုက်ပစ်ဖို့
လုံလောက်ပါတယ်။ မုန့်ဗူးတွေ အသားဗူးတွေ ဝိုင်နဲ့အရက်ပုလင်းတွေ ဟာ
ထင်းရူးသေတ္တာနဲ့ အနဲဆုံးသုံးလုံးစာလောက်ရှိပါတယ်။ သိပ်ထူးဆန်းပြီး အရမ်းအံ့သြ
ဖို့ကောင်းတာကတော့ ကြက်ဥကဒ်တွေပါပဲ ကဒ်ပေါင်း လေးဆယ်ကျော်လောက်တွေ့
ရပါတယ်။ သူ့နေရာနဲ့သူစီစီရီရီ ရှိနေတဲ့အတွက် တစ်အိမ်လုံးမှာဖုံတွေ
ထပ်နေတာကလွဲလို ညစ်ပတ် ပေရည်နေတာ မရှိပါဘူး အနံ့အသက်မကောင်းတာ
တစ်ခုပါပဲ။ ကြက်ဥကဒ်တွေအားလုံး ဈေးအမြင့်ဆုံး ကြက်ဥပုံတံဆိပ်ပါတဲ့ ပလပ်စတစ်
အမာစားဗူး တွေနဲ့ ရောင်းတဲ့ အမျိုးအစားတွေဖြစ်ပြီး ကျမအံ့သြလွန်း လို့
တကဒ်ကိုကိုင်ကြည့်တယ် ဆိုရင် အနှစ်မရှိတော့တဲ့ အခွံကြီးသက်သက်
ဖြစ်လို့နေပါတယ်။ ထိပ်ဘက်ကို အပ်ဖျားသာသာ လေးဖေါက်ပြီး ထုတ်ယူ
ဗူးခွံထဲကိုပုံစံမပျက် ပြန်ထည့်ပြီး စနစ်တကျအခွံတွေကို သိမ်းဆည်းထားတာ
ဖြစ်ပါတယ်။ အံ့သြလွန်းလို့ ကြက်ဥခွံတကဒ်ကို သူတို့မမြင်အောင်
ပိုက်ဆံအိတ်ထဲဖွက်ယူလာခဲ့ပြီး စင်္ကာပူရီးယန်း တစ်ယောက်ကိုမေးကြည့်တဲ့
အခါမှာတော့ အဲဒါတွေဟာ ကလေးငယ်လေး တွေ ပန်းချီဆွဲပြီးပုံဖေါ်တဲ့
နေရာမှာသုံးတယ်လို့ ဆိုပါတယ်ရှင်။ မုန့်ဗူးတွေ မုန့်ပုံးတွေက ရေတွက်လို့
မရပါဘူး။ နံရံကပ်ဘီဒို တွေရဲ့ အခန်းတိုင်းမှာ အပြည့်ပါပဲ ကျမရေခဲသေတ္တာကို
ဖွင့်ကြည့်လိုက်တယ် ဆိုရင် အသားငါးတွေဟာ ရေခဲတဲ့ပထမ အဆင့်မှာအပြည့်ပါပဲ
ရေခဲမုန့် ချောကလက် အပြည့်အစုံ အကုန်ရှိပါတယ်။ ကျမကိုဆိုင်းထိုးဘို့
သူတို့လှမ်းခေါ်လို့ သူတို့အနားရောက်သွား တဲ့ အချိန်မှာတော့ ပွဲစားက
ကျမကိုဘာပစ္စည်းတွေ ယူမှာလဲလို့မေးပါတယ်။အဲကွန်းသုံးလုံး နဲ့ ရေခဲသေတ္တာ
အဝတ်လျှော်စက် ကျမဒါပဲလိုချင်တယ်လို့ မျက်နှာပူပူ
နဲ့ပြောရပါတော့တယ်။ နံရံကပ် ဘီဒိုတွေကလွဲလို့ ကုတင်တွေက
အစကျမ လုံးဝကိုမလိုချင်ပါဘူး အဓိက ကတော့ ရေတွေထိလို့ ဖေါင်းကြွ
နေတဲ့ ဘုတွေထစ်တွေနဲ့ အတော်အကြည့်ရဆိုးတဲ့ မှန်တင်ခုံ နောက်ဆေးပစ္စည်းတွေ
အဆင့်ဆင့်ထည့်ထားတဲ့ ကျမရင်ခေါင်းလောက်အမြင့်ရှိတဲ့ ဖိုင်ဘာနဲ့လုပ်ထားတဲ့
အဆင့်ခုနှစ်ဆင့်ပါတယ့် ဥစ္စာ၂ခု နောက် အဝါရောင်ဖျော့ဖျော့ မစ္စတာအန်း
ထိုင်တဲ့ ဆုံလည်ကုလားထိုင်၊ ဆိုဖါဆက်တီအနက်ရောင် နဲ့ တီဗီ အမဲကြီးတခု
အဲဒါတွေ သူမသယ်နိုင်ဘူးဆို ငါလွှင့်ပစ်မှာနော်လို့ တခါထဲပိတ်ပြော
ထားလိုက်တယ်။ ကျမလက်မှတ်ထိုးဘို့
နံရံနဲ့ကပ်လျှက် စားပွဲမှာဝင်ထိုင်လိုက်ပြီး စာချုပ်ကိုဖတ်ပါတယ်။
ဖတ်ပြီးကျမ လက်မှတ်ထိုးဘို့အတွက် စာရွက်ကိုစားပွဲပေါ်ချလိုက်တယ်ဆို
ကျမ တထောင်စစ်ကကျင်ခနဲ ဖြစ်ပြီး လက်ထဲကဘောလ်ပင် ပြုတ်ကျသွားသလို
ကျမနဲ့ကပ်လျှက် စာအုပ်စင်ပုံစံ ဓါတ်ပုံဘောင်သေးသေးလေး တွေ
အရုပ်သေးသေးလေး တွေတင်ထားတဲ့စင်လေးဟာ ရမ်းခါပြီး ပစ္စည်းသေးသေးလေးတွေ
ပြုတ်ကျသွားတာကို ကျမတအံ့တသြ တွေ့လိုက်ရပါတယ်။ ပွဲစားက သတိထားလေ ဖြေးဖြေး
မလောနဲ့လို့ ကျမကိုနောက်ပြောင်တယ် ဆိုရင်ပဲ ကျမဇဝေဇဝါနဲ့
ငါတိုက်လိုက်တာလားလို့ ပြန်မေးရင်းပစ္စည်းသေးသေးလေးတွေ ကောက်ဖို့လုပ်တယ်။
မစ္စတာအန်းက ရတယ် ရတယ် ထားလိုက်ပါလို့ ဝင်ပြောတဲ့အတွက် ကျမမထိုင်တော့ပဲ
မတ်တပ်အနေအထားနဲ့ပဲ ခါးကိုကိုင်းပြီး
လက်မှတ်ထိုးလိုက်ပါတယ်။ နှစ်ယောက်ထိုင် ဆိုဖာဘေးမှာ စက္ကူပုံးတွေနဲ့
ပါကင်မပျက်ထပ်ထားတဲ့ လေးငါးဆယ်ပုံး ကိုဘာတွေလဲလို့ မေးကြည့်တော့
ရေသန့်ဗူးတွေ ဖြစ်နေတာကို တွေ့ ရပါတယ်။ အိုးတွေ ခွက်တွေဆိုတာစီစီရီရီ နဲ့
နံရံကပ်ဘီဒိုတွေအပြည့်ပါပဲ။ ပြီးတာနဲ့ စတိုခန်းကိုကျမတို့ ပေးသုံးမှာ
မဟုတ်လားလို့ ကျမမေးရင်းဖွင့်ကြည့်လိုက်တော့ စတိုခန်းအပြည့် ဘူးခွံတွေ
စီစီ ရီရီပါပဲ စတိုခန်းအတွင်းပတ်ပတ်လည်တစ်ခုလုံး အဆင့်ပေါင်းများစွာ
နံရံကပ်တွေ အဖြစ်ရိုက်ထားပြီး အဲဒီစင်တွေ အပြည့် ပစ္စည်းတွေ
ရှိနေပါတယ်။ စတိုခန်းရဲ့အလယ်ခေါင်တည့်တည့် မှာတော့
မျက်နှာချက်ကိုထိလုအောင် စက္ကူပါကင်ပုံးတွေ အဆင့်လိုက်ရှိပါတယ်
ဒီပစ္စည်းတွေ သူဘယ်လို သယ်ထုတ်မလဲလို့ ကျမတွေးယုံနဲ့ တင် ဦးဏှောက်
ခြောက်လာပါတော့တယ်ရှင်။ ပွဲစားကို ၁၅ရက်နေ့ မဖြစ်မနေဒီအိမ်ကိုတက်ရမှာနော်
၁၀ရက်နေ့ မှာဖိုင်နယ် စာချုပ်ချုပ်မယ် သော့ယူမယ် ကျမအနဲဆုံးသုံးရက်
သန့်ရှင်းရေးလုပ်ယူရမှာ လို့ပြောတော့ မစ္စတာအန်းကသဘော တူပါတယ်။ အဲဒီလို နဲ့
ဘာတွေကိုပဲလုပ်လုပ် မစ္စတာအန်း အဆင်ပြေပါ့မလား ပစ္စည်းတွေ
သိမ်းရောသိမ်းရဲ့ လားဆိုတာ အတွေးထဲကိုဝင်ဝင်လာတော့တာပါပဲ။ ၁၀ ရက်နေ့
ရောက်တဲ့အချိန်မှာတော့ ကျမတို့ဖိုင်နယ်စာချုပ်ချုပ် ဘို့
နေ့ခင်း ဆယ့်တစ်နာရီချိန်းထား တဲ့အတွက် မစ္စတာအန်းနဲ့ကျမစတွေ့တဲ့
ကော်ဖီရှော့မှာ ၁၀း၄၅ မိနစ်လောက်ထဲက ကျမရောက်နေနှင့်ပြီးကော်ဖီ
တစ်ခွက်နဲ့ ပွဲစားဖုန်းဆက်လာမဲ့
အချိန်ကို စောင့်မျှော်နေခဲ့ပါတယ်။ ကျမရဲ့စိတ်ထဲမှာလဲ ဘာရယ်မဟုတ်မတင်
မကျဖြစ်လို့ နေပါတယ။် ၁၀း၅၅ မိနစ်လောက်မှာတော့ ပွဲစားကဖုန်းဆက်လာပြီးကျမ
ထိုင်နေတဲ့ကော်ဖီရှော့ကို လမ်းကြုံဝင်ခေါ်ရင်း မစ္စတာအန်းကိုကျမတို့ ၁၁း၀၀
မှာ ရောက်ပြီလို့ ဖုန်းဆက်တဲ့အချိန်မှာတော့ သူကိုအိမ်အောက်မှာစောင့်နေဖို့ ပြန်ဖြေပါတယ်။အိမ်အောက် ကကျောက်စားပွဲ မှာကျမတို့နဲ့
မရှေးမနှောင်းသူဆင်းလာပြီး ဖိုင်နယ်စာချုပ်ကိုလက်မှတ်ထိုးပါတယ်။ ကျသင့်တဲ့
ငွေအကျေချေပြီးတဲ့ အချိန်မှာတော့ ကျမကိုသော့အပ်ပါတယ်။ ကျမက
အိမ်ပေါ်ကိုနည်းမျိုးစုံ နဲ့ တက်ဖို့ ကြိုးစားပေမဲ့ မစ္စတာအန်းက
ပေးမတတ်ပါဘူး။ ပစ္စည်းတွေပါကင်ထုတ် နေတဲ့အတွက်တအိမ်လုံး ရှုပ်ရှက်ခတ်
နေတယ်လို့ ကျမကိုဖြေပါတယ်။ ကျမလဲ ပွဲစားခပေးထားပြီးပြီ
ဖြစ်တဲ့အတွက်ပွဲစားကိုပဲ အဓိကပစ်မှတ်အနေနဲ့ ဦးတည်ပြောပါတယ်။ ကျမတို့
၁၅ရက်နေ့ မနက်၁၀နာရီလောက် ပစ္စည်းရွေ့ဖို့ ကားဘွတ်ကင်ယူထားပြီး ဆိုတဲ့အ
ကြောင်းနဲ့ ၁၅ရက်နေ့ ညနေ လေး နာရီမှာ ရန်ကုန်ကဧည့်သည် တွေရောက်မယ်
ကျမအိမ်မှာ ဘယ်လိုမှနေစရာ အိပ်စရာမရှိဘူးဆိုတဲ့အကြောင်း တစ်ခါထဲသေချာအောင်
ပြောထားပါတယ်။ ပွဲစားက ပေါ့ပေါ့ပါးပါးနဲ့ စိတ်မပူပါနဲ့
သူပါကင်တွေထုတ်ပြီးတာနဲ့ အေးဂျင့်အပ်ထားတာပါ ပစ္စည်းသယ်တဲ့
ကားနဲ့သယ်ရင် အလွန်ဆုံးကြာရင်၂နာရီပေါ့ လို့ လွယ်ကူ
ပေါ့ပါးစွာ ပြောပါတယ်။ ကျမက စိတ်ပျက်စွာ ခေါင်းကိုခါရမ်းလိုက်ပြီး
ပေတူးနေတယ် အ၀တ်အစားတွေ ပင်ပမ်းနွမ်းနယ်နေပြီး ချွေးသီးချွေးပေါက်တွေနဲ့ ဆင်းလာတဲ့
မစ္စတာအန်းကို ပစ္စည်းတွေ...ဘယ်သူကူသိမ်းပေးလဲလို့ ကျမမေးတော့
ရှက်ရွံတဲ့မျက်နှာနဲ့ သူတယောက်ထဲလို့ ပြန်ဖြေပါတယ်။ ဆီးချို နဲ့ သွေးချို
ရောဂါရှိပြီး ယိမ်းယိုင်နေတဲ့သူ့ကို စိတ်မကောင်းစွာကြည့်ရင်း ကျမ
သူတို့ကိုနှုတ်ဆက် လိုက်ပါတော့တယ်။ ကျမ တွေတွေငေးငေးနဲ့ ဖြစ်နေတာကို ရိပ်မိတဲ့ မလတ်က နင်အိုကေရဲ့လားလို့
ခဏ ခဏမေးပါတယ်။ မမ ပါဟာ တခြားသူမဟုတ်ပါဘူးလို့
တက်ကြွမှုမရှိ ပြန်ဖြေတဲ့ကျမကို အိမ်ကိုလဲ တို့မကြည့်ရသေးဘူးနော်လို့
မေးခွန်းလိုလို အဖြေလိုလိုမျိုး မေးလာတော့ ကျမမသိဟန်ဆောင်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၄ရက်နေ့ ညမှာတော့ ကျမပွဲစားဆီ ဖုန်းဆက်ပါတယ် သူကတောအေးဆေးဆေးပါပဲ မနက်၁၀နာရီ ကျမတို့ပစ္စည်းသည်တဲ့ ကားရောက်မယ်။မစ္စတာအန်း
ပစ္စည်းတွေအားလုံး ထွက်မှရမယ်နော် ပစ္စည်းတွေထပ်ကုန်ရင်
ဒုက္ခရောက်ကုန်မယ်လို့ ကျမပြောတော့ သူအခုပဲဖုန်းဆက်ပြီး
ကျမကိုပြန်ခေါ်မယ်လို့ ပြောပါတယ်။ မလတ်တို့ဘက်အခြမ်းကိုပြောချင်ပါသေးတယ်
ညီမဝမ်းကွဲလေးက နေတာသုံးနှစ် သူ့အမေက တလကို ၂ခေါက် သုံးခေါက် လာရင်
အနည်းဆုံးသုံးလ နေပါတယ်။ ဝယ်ချက်ကကမ်းကုန်ဆိုတော့ ပစ္စည်းသယ်တဲ့ ကားနဲ့
အနည်းဆုံးနှစ်ခေါက် ကုတင် ဘီဒိုနဲ့ မွေ့ယာဆိုဖာ ကုတင်နဲ့မွေ့ရာက
လူခုနှစ်ဦးစာရှိပါတယ်။ ထမင်းစားပွဲ ကုလားထိုင်ဘာညာကွိကွတွေ နဲ့တင်
မနည်းပါဘူး။ အခုနစကားကို ကျမပြန်ဆက်မယ်နော် ၁ဝမိနစ်လောက်ကြာ တဲ့အချိန်မှာ
ပွဲစားက ထိပ်ထိပ်ပြာပြာနဲ့ ဖုန်းဆက်လာပါတယ်... ကျမကိုနောက်သုံးရက်လောက်
အချိန်ထပ်ပေးဖို့... ကျမရင်ထဲမှာမတင်မကျဖြစ်နေတဲ့ စိတ်တွေအားလုံး
မီးတောင်တခုလိုဝုန်းကနဲ ပေါက်ကွဲပါတော့တယ်။ ဖုန်းပြောရတာ
မလွတ်လပ်တဲ့အတွက် အခုပြန်ခေါ်မယ်လို့ပြောပြီး ကျမစိတ်ဓါတ်တွေ
သုံညဒီဂရီအောက် ၁၀၀ လောက်ကိုစောက်ထိုး ဆင်းပြီး အိမ်အောက်ကပန်းခြံထဲကို
ဖုန်းပြောဖို့ ဆင်းလာခဲ့ပါတော့တယ်။ ဖုန်းခေါ်ပြီးတဲ့နောက်မှာတော့ စကား၂ခွန်းပဲပြောချင်တယ် မနက်ကို
ပြောင်းလို့ရချင်ရ မရရင် စရန်ငွေ၂ဆပြန်လျှော်ပေးဖို့ လေသံမာမာနဲ့
ကျမပြောပါတော့ တယ်။ (အဲဒီတစ်ခါပဲ စလုံးတွေဘက်က ပျက်ကွက်မှု့ကြောင့်
ကျမပြောဖူးတာပါ ကျမဘက်က ပျက်ကွက်မှု့ကြောင့် အဲဒီပွဲစားရဲ့ အပြောအဆိုကို
အကြိမ်များစွာ ကျမခံခဲ့ဘူးပါတယ်)။ ကျမ သူ့ကိုအော်ပါတော့တယ် နင့် ကို
ငါအကုန်ပေးထားပြီးပြီ ငါ့အခက်အခဲကို အကုန်ပြောပြီးပြီး အိမ်ပြောင်းဖို့
ကားလဲခေါ်ထားပြီးပြီ နင်တို့ဘက်က အိုကေ ဆိုတာနဲ့ တို့ ဘက်ကကားမောင်းထွက်
လာယုံပဲလို့ ကျမပြောတော့ နင်စိတ်မပူပါနဲ့ အကောင်းဆုံးဖြစ်အောင်ငါ
ကြိုးစားမယ် မနက် ၁၀နာရီမတိုင်ခင်ကျမကို ကားနဲ့လာခေါ်မယ်လို့
ပြောပါတယ်။ ကျမစိတ်ရှုပ် လိုက်တာမမေးပါနဲ့တော့ အဒေါ်အကြောင်းပြောရဦးမယ်
သူ့ရဲ့နဂို အမည်ပျောက်လို့ ဒေါ်ဝိရိယ လို့ တစ်မျိုးလုံး ပြောင်းခေါ်ရအောင်
ဝိရိယ အလွန်ကောင်းသူ အိမ်ရပြီဆိုတာနဲ့ တကုပ်ကုပ်သိမ်းဆည်းထားတဲ့ အတွက်
အိမ်အောက်ပစ္စည်းချယုံပဲ ကျန်တော့တယ်။ ကျမစိတ်ညစ်တယ်...။ ၁၀နာရီမှာ ကျမနဲ့သူနဲ့ ၂ယောက် မစ္စတာအန်းအိမ်အောက် ရောက်နေပါပြီ
ဖုန်းခေါ်တော့ သူဆင်းလာမယ်ပြောပြန်ပါတယ်။ ကျမပေါက်ကွဲနေပြီ ပွဲစားအမည်က
အယ်ဗင်ပါ။ ကျမ ဒီမှာအယ်ဗင် နင်မသိတာတွေ ငါ့မှာအများကြီးရှိသလို
ငါသိတာတွေလဲ နင်မသိနိုင်ပါဘူး ငါအခုပြောမယ် သူဆင်းလာတာနဲ့ အိမ်ပေါ်ကို
ငါတို့တက်ရအောင် ငါမတက်ဘူး နင်ရအောင်တတ်ပါ ငါထပ်ပြောမယ်
သူဘာပစ္စည်းမှ မသိမ်းရသေးဘူး ပစ္စည်းပုံတွေကြားမှာ သူအရူးတယောက်လို
ထိုင်နေတာ ငါသိတယ် နင်အနေအထားတက်ကြည့်ပါ
၁၅ရက်ဆိုတဲ့အချိန်က လုံးဝလုံလောက်နေပြီးသား
အခြေအနေကြည့်ပြီးမှငါဆုံးဖြတ်မယ် နင်တက်တော့ ပကတိအတိုင်းပြန်ပြောပြပါ
လို့ ပြောရင်း သူ့ကိုအတင်းတက်ခိုင်းတော့တယ်။ ၁၅မိနစ်လောက်
ကြာတဲ့အချိန်မှာတော့ သူ အထိတ်တလန့် တဝုန်းဝုန်းနဲ့ ကျမနားကိုပြေးပြီး
ကျမကို ထိတ်လန့်တကြား စိုက်ကြည့်နေပါတယ် ကျမကခပ်တည်တည်
သူ့ကိုပြန်ကြည့်ရင်း ငါပြောတာ တခုမှမလွဲဘူး မဟုတ်လားလို့ ကျမမေးတော့
တအံ့တသြ နင်ဘယ်လိုများသိသလဲတဲ့။ ပြီးတော့ တဟားဟား အော်ရီပါတော့တယ်
ခုံပေါ်ကိုမျက်နှာမှောက်ပြီးရီပြန်ပါတယ် တခါမှမကြုံဘူးဘူး
သူဘာမှမလုပ်ဘူးသိလား ပစ္စည်းတွေပြန့်ကျဲနေတာက လွဲလို့
ဘာတစ်ခုမှ မသိမ်းရသေးဘူး လို့ဆိုပါတယ်။ ကျမနဂိုတည်နေတဲ့ မျက်နှာကို
ပိုတင်းလိုက်ပြီး မနက်ဖြန် ဒီအိမ်ပေါ်ကိုရောက်မှဖြစ်မယ် သူမသိမ်းနိုင်ရင်
ငါ့အဲဒီပစ္စည်းတွေ တက်သိမ်းမယ် ဒီနေ့အပြီးသိမ်းမယ်လို့ ပြောတော့
အိုကေနင်နဲ့ငါတက်ပြောမယ် လို့ ပထမဦးဆုံး မြန်မာမ တယောက်ရဲ့စကား ကို
အသိအမှတ်ပြု ဘာကွန်ပလိန်းမှမရှိပဲ
ခေါင်းငြိမ့် လက်ခံလိုက်တာဖြစ်ပါတယ်။ ကျမလုံးဝမခေါ်ချင်
ဆုံးဖုန်းနံပတ်ကိုနှိပ်ပြီး မလတ်လို့ ခေါ်လိုက်တော့
နင်ဘာဖြစ်လဲ အန်တီဖုန်းခေါ်နေတယ်လေ ပစ္စည်းသယ်ဘို့ ကားမရောက်လို့
စိတ်ပူနေတယ် ဆိုတဲ့ စကားကိုဖြတ်လို့ မလတ်... ငါးဆယ်ကျော်
ကျန်းမာရေးလုံးဝမကောင်းတဲ့ စလုံးအဘိုးကြီးတယောက် နင်နဲ့ငါ့ အကူအညီကို
အရမ်းကိုလိုအပ်နေတယ် နင်နဲ့ငါ့အတွက် အဝတ်ကြမ်း၂စုံဝယ်ပြီး
ဒီလိပ်စာအတိုင်းအမြန်လာခဲ့ပါလို့ ပြောရင်း
ကျမဖုန်းကို ပိတ်ချလိုက်ပါတော့တယ်ရှင်။
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner